
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း နည်းပြဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က မိမိ၏ နည်းစနစ်နှင့် ကစားသမားများ အံဝင်အောင် ဖော်ဆောင်ကစားနိုင်နေပြီဖြစ်ကြောင်း ကူဝိတ်လက်ရွေးစင်ဖူဆယ်အသင်းအား အနိုင်ရအပြီးတွင် ထုတိ်ဖော်ပြောကြားသည်။
ဘန်လက်ချာယိုဝန်က ''ကူဝိတ်အသင်းကို အနိုင်ရခဲ့တာက ကျွန်တော့်ကစားသမားတွေဟာ ကျွန်တော့်ရဲ့ နည်းစနစ်တွေကို အံဝင်အောင်ဖော်ဆောင်ကစားနိုင်ခဲ့လို့ပါ။ ဒီနိုင်ပွဲအတွက် ကျွန်တော် ပျော်ရွှင်ပါတယ်။ နောက်ပွဲတွေမှာလည်း ကစားသမားတွေဟာ ကျွန်တော့်ရဲ့ နည်းစနစ်တွေကို အံဝင်အောင် ဖော်ဆောင်ကစားသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့် ဧပြီ ၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကူဝိတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ(၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပြီးခဲ့သည့် မတ် ၃၀၊ ၃၁ ရက်များက ရန်ကုန်မြို့တွင် အာဖဂန်နစ္စတန်လက်ရွေးစင်ဖူဆယ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ပထမခြေစမ်းပွဲတွင် အာဖဂန်နစ္စတန်လက်ရွေးစင်ဖူဆယ်အသင်းကို(၁-၆) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယခြေစမ်းပွဲတွင်(၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၅ ရက်က ထွက်ခွာခဲ့ပြီး ဧပြီ ၆ ရက်တွင် ကူဝိတ်လက်ရွေးစင်ဖူဆယ်အသင်းနှင့် ခြေစမ်းကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ဧပြီ ၁၀ ရက်တွင် ကာဂျစ္စတန်လက်ရွေးစင်ဖူဆယ်အသင်းနှင့် ခြေစမ်းပွဲ ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
၂၀၂၄ အာရှဖလားဖူဆယ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လာမည့်ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၁၆ သင်းကို ၄ သင်း ၄ အုပ်စုခွဲ၍ ပြိုင်ပွဲဝင်စေမည်ဖြစ်သည်။
ယင်းအုပ်စု ၄ ခုမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း ၂ သင်းစီ၊ ပေါင်း ၈ သင်းမှာ ကွာတားအဆင့်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အိမ်ရှင်ထိုင်း၊ တရုတ်၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စုပွဲများအဖြစ် ဧပြီ ၁၇ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာရှဖလားဖူဆယ်ပြိုင်ပွဲကိုဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ယခုအကြိမ်ပြိုင်ပွဲတွင် အုပ်စုအနေအထားအရ နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။