Eleven Media Group

■ ဆုံတွေ့ခဲ့သည့် (၁၉)ပွဲ၌ (၁၄)ဂိုးအထိ သွင်းယူခဲ့သော ပြိုင်ဘက်တိုုက်စစ်မှူး ဟာရီကိန်းကို လေးစားသင့်သော်လည်း ကြောက်ရွံ့မနေသင့်ဟု အော်ဒီဂွါ ပြောကြား

Photo: Gettyimages

အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား အော်ဒီဂွါက ဆုံတွေ့ခဲ့သည့် (၁၉)ပွဲ၌ (၁၄)ဂိုးအထိ သွင်းယူခဲ့သောဘိုင်ယန်မြူးနစ်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းကို လေးစားသင့်သော်လည်း ကြောက်ရွံ့မနေသင့်ဟု အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် အင်္ဂါနေ့(ယနေ့)တွင် အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်အသင်းမှာ ဂျာမန်မြေ၌ ရလဒ်များကျဆင်းနေပြီး အာဆင်နယ်အသင်းမှာ အင်္ဂလန်မြေတွင် ခြေစွမ်းပြနေခြင်းကြောင့် အာဆင်နယ်အသင်းက နောက်တစ်ဆင့်တက်ရန် ပိုမိုရေပန်းစားသည့်အသင်းဖြစ်နေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းနှင့် နောက်ဆုံးဆုံတွေ့ခဲ့သည့် ချန်ပီယံလိဂ်(၃)ပွဲစလုံး (၁-၅)ဂိုး ရလဒ်များဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်။

ထို့ပြင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်၌ ဆုံတွေ့ခဲ့သည့် နောက်ဆုံး(၄)ကြိမ်စလုံးတွင်လည်း ဘိုင်ယန်မြူးနစ်အသင်းသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ထို့ကြောင့် အစဉ်အလာတွင် ဘိုင်ယန်မြူးနစ်အသင်းက အသာစီးရရှိနေသည့်အပြင် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းမှာလည်း အာဆင်နယ်အသင်းနှင့် ဆုံတွေ့တိုင်း ဂိုးမြူးလေ့ရှိသောကြောင့် ၎င်းအပေါ်အမြင်ကို အော်ဒီဂွါအား မေးမြန်းခဲ့ခြင်းဖြစ်သည်။

အော်ဒီဂွါက ''သူက ကစားသမားကောင်းတစ်ယောက်ပါ။ ဂိုးဧရိယာထဲက သူ့ရဲ့အစွမ်းအစကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ သူ့ကို လေးစားသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကြောက်ရွံ့သင့်တယ်လို့ မထင်ပါဘူး။ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ရမှာပါ''ဟု ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်း၌ ပြိုင်ပွဲစုံ(၃၇)ပွဲကစားပြီး (၃၈)ဂိုးသွင်းယူထားသလို၊ စပါးအသင်းတွင် ယှဉ်ပြိုင်ကစားခဲ့စဉ်က အာဆင်နယ်အသင်း နှင့် ပြိုင်ပွဲစုံ(၁၉)ပွဲ ရင်ဆိုင်ခဲ့ရာတွင် (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

ဟာရီကိန်း၏ ကစားသမားဘဝ၌ အာဆင်နယ်ထက် ဂိုးပိုသွင်းနိုင်သည့် ကလပ်နှစ်သင်းသာရှိပြီး လက်စတာ (၂၀ ဂိုး)နှင့် အဲဗာတန်(၁၆ ဂိုး)တို့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းအတွက် အန္တရာယ်အရှိဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသည်။

မူရင်းသတင်း — Eleven Media Group