Eleven Media Group

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးရာထူးအပါအဝင် ဝန်ထမ်းအချို့ အပြောင်းအလဲဖြစ်ပေါ်

Photo: MFF

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တွင် အထွေထွေအတွင်းရေးမှူးရာထူးအပါအဝင် ဝန်ထမ်းအချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် ယခင် အထွေထွေအတွင်းရေးမှူး (General Secretary) ဦးကိုကိုသိန်းနေရာတွင် ဦးအောင်မျိုးစောအား ခေတ္တအထွေထွေအတွင်းရေးမှူး (Acting General Secretary) အဖြစ် တာဝန်ပေးခန့်အပ်ထားကြောင်း သိရသည်။

ခေတ္တအထွေထွေအတွင်း ရေးမှူးဖြစ်သူ ဦးအောင်မျိုးစောသည် လက်ရှိတွင် AAY Bank ၏ Head of Corporate Affaris ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ အထွေထွေအတွင်းရေးမှူး (General Secretary) ရာထူးနေရာကို ရွေးကောက်ပွဲတွင် မဲစနစ်ဖြင့် ဝင်ရောက်ရွေးချယ်ခံခွင့်မရှိဘဲ MFF ဥက္ကဋ္ဌကသာ တာဝန်ပေး ခန့်အပ်ပိုင်ခွင့်ရှိကြောင်း သိရသည်။

ခေတ္တအထွေ ထွေအတွင်းရေးမှူးဖြစ်သူ ဦးအောင်မျိုးစောသည် ပြီးခဲ့သည့် ဧပြီ (၄)ရက်မှစ၍ MFF ၏ တာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ယခင် MFF အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကိုကိုသိန်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ယခု၂၀၂၄ နှစ်ဆန်းပိုင်းအထိ MFF တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) သည် အထွေထွေအတွင်းရေးမှူး (General Secretary)နှင့် ပူးတွဲတာဝန်ထမ်းဆောင်ရန် တွဲဖက်အထွေထွေအတွင်းရေးမှူး (Deputy General Secretary) နှစ်ဦးကိုလည်း တာဝန်ပေးခန့်အပ်ထားသည်။

MFF သည် မြန်မာ့လက်ရွေးစင်အသင်းများဌာန ဒါရိုက်တာဖြစ်သူ ဦးထွန်းထွန်းအောင်နှင့် နိုင်ငံတကာဆက်ဆံရေးဌာန ဒါရိုက်တာဖြစ်သူ ဦးစည်သူဝင်းတို့နှစ်ဦးအား တွဲဖက်အထွေထွေအတွင်းရေးမှူး (Deputy General Secretary)များအဖြစ် ပြီးခဲ့သည့် ဧပြီ (၄)ရက်မှ စ၍ တာဝန်ပေးခန့်အပ်လိုက်ကြောင်း သိရသည်။

ထို့ပြင် MFF သည် လက်ရှိ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) ကျောင်းအုပ်ကြီးဖြစ်သူ ဦးဝင်းသူမိုးကို မူလရာထူးတာဝန်အပြင် တွဲဖက်နည်း စနစ်ဒါရိုက်တာ(Deputy Technical Directory) အဖြစ် တာဝန်ပေးခန့်အပ်ထားသည်။

ထို့ကြောင့် ဦးဝင်းသူမိုးသည် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)၏ ကျောင်းအုပ်ကြီးတာဝန်များအပြင် MFF ၏ တွဲဖက်နည်းစနစ်ဒါရိုက်တာ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ဦးဝင်းသူမိုးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် MFF သည် အားကစားနှင့် အားကစားရုံများဌာန အကြီးတန်းမန်နေဂျာဖြစ်သူ ဒေါ်သင်းသင်းလင်းကိုလည်း အားကစားနှင့် အားကစားရုံများဌာန တာဝန်ခံအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို မတ် (၃၀)ရက်က ပြုလုပ်ခဲ့ပြီး ၂၀၂၄-၂၀၂၈ သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးပြည့်ဖြိုးတေဇ (ဥက္ကဋ္ဌ၊ ရန်ကုန် ယူနိုက်တက်အသင်း)၊ ဦးထိပ်ခွန်နောင်မြင့်ေ၀ (ဒုဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်အသင်း)၊ ဒေါက်တာ ဒေါ်ခင်စောဦး(အမျိုးသမီးဘောလုံး ဆေးဘက်ဆိုင်ရာ အကြံပေး) တို့ တာဝန်ထမ်းဆောင်မည်ဖြစ်ကာ အလုပ်အမှုဆောင် (၁၅)ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။ အမှုဆောင် (၁၅) ဦးအနက် (၃) နေရာသာ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group