
အေစီမီလန် နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဒီရာသီ စီးရီးအေနှစ်ကျော့စလုံးမှာ အေစီမီလန်အသင်း အနိုင်ယူထားခဲ့သလို၊ နောက်ပိုင်းတွေ့ဆုံမှုတွေမှာလည်း အပြတ်အသတ် အသာစီးယူထားခဲ့တယ်။ ရိုးမားကို နှစ်ကျော့စလုံး ဂိုးသွင်းခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူး ဂျရူးကလည်း နောက်ဆုံးပွဲမှာ ဂိုးပေါက်ပြန်တွေ့ထားတယ်။ အေစီမီလန်အနေနဲ့ တိုက်စစ်ပိုင်းမှာ အသုံးများတဲ့ ဂျရူး၊ လီယာအို၊ လော့ဖ်တပ်ချိခ်နဲ့ ပူလီဆစ်တို့ လေးဦးနဲ့ပဲ ပွဲထွက်လာဖို့များတယ်။ ရိုးမားအသင်းမှာ ဒီဘားလား ပြန်ကစားနေလို့ တိုက်စစ်အား ပိုကောင်းလာဖို့ ရှိပေမဲ့ အသင်း Rhythm က အတက်အကျမမှန်ဘူး ဖြစ်နေတယ်။ ရိုးမားက ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ထားပေမဲ့ နည်းပြ ဒီရော့ဆီရဲ့ဖလားပွဲ Luck က စောင့်ကြည့်ရဦးမယ်။ အေစီမီလန်ပဲ နိုင်ဖို့များတယ်။
လီဗာပူးလ် နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
လီဗာပူးလ်အသင်းအဖို့ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲ ဇာတ်ရှိန်အမြင့်ဆုံးရောက်နေချိန်မှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့ကို ယှဉ်ပြိုင်ကစားရမှာပါ။ ဒါပေမဲ့ တစ်ဖက်မှာ ပရီးမီးယားလိဂ်ပွဲတွေက ခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ်တို့လို ပြိုင်ဘက်အသင်းတွေနဲ့ဖြစ်လို့ လီဗာပူးလ်အသင်း ဖိအားသိပ်မရှိဘဲ ယူရိုပါလိဂ်ကို အပြည့်အဝအာရုံစိုက်ထားလို့ရတယ်။ နောက်တန်းမှာတော့ ကွမ်ဆာ၊ ဘရက်ဒလေတို့လိုလူငယ်တွေထက် ကိုနာတီ၊ ဂျိုးဂိုးမက်ဇ်တို့ကို Line-up မှာ ပြန်သုံးဖို့များတယ်။ အတ္တလန်တာအသင်း လက်ရှိအဝေးကွင်းရလဒ်တွေ ကျဆင်းနေပုံမျိုးနဲ့ အန်ဖီးလ်မှာ ယှဉ်နိုင်ဖို့ သိပ်မဖြစ်နိုင်လောက်ဘူး။ လီဗာပူးလ်ပဲ ရွေးချယ်ချင်တယ်။
လေဗာကူဆင် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
လက်ရှိအခြေအနေမှာ လေဗာကူဆင်အသင်းကို တားဆီးနိုင်မယ့်ပြိုင်ဘက်အသင်းက အတော်ရှားနေတယ်။ ဝက်စ်ဟမ်းက (၁၆)သင်းအဆင့်မှာ ဖရိုင်းဘတ်ကို ပထမအကျော့ အရေးနိမ့်ထားပြီးမှ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ ကွာတားကို တက်လှမ်းလာခဲ့တာပါ။ ဝက်စ်ဟမ်းက လတ်တလောမှာ ရလဒ်တွေ တက်လာတယ်လို့ ဆိုရမှာဖြစ်ပြီး လေဗာကူဆင်ကို ဒုက္ခပေးနိုင်တဲ့ အင်အားစုလည်း ရှိနေတယ်။ ဝက်စ်ဟမ်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။
ဘင်ဖီကာ နှင့် မာဆေးလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)
ဘင်ဖီကာအသင်း ပြည်တွင်းပွဲမှာ အဓိကပြိုင်ဘက် စပို့တင်းလစ္စဘွန်းနဲ့ (၂)ပွဲဆက် ကစားပြီးချိန်မှာ ပေါ်တူဂီဖလားကို လက်လွှတ်လိုက်ရပြီး အမှတ်ပေးပြိုင်ပွဲမှာလည်း ထိပ်ဆုံးက စပို့တင်းနဲ့ အမှတ်စကွာသွားခဲ့တယ်။ ဒါကြောင့် ဘင်ဖီကာအနေနဲ့ ယူရိုပါလိဂ်ဘက်ကို ပိုပြီးအားစိုက်ကစားနိုင်တယ်။ မာဆေးလ်အသင်းကတော့ နောက်ဆုံး(၄)ပွဲဆက် အရေးနိမ့်ထားသလို၊ အူဘာမီယန်းလည်း ဂိုးပေါက်ပျောက်နေတယ်။ ဘင်ဖီကာပဲ ကြိုက်တယ်။