Eleven Media Group

ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: X

အိုလံပီယာကော့စ် နှင့် ဖီနာဘာချီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

(၁၆)သင်းအဆင့်မှာ အိုလံပီယာကော့စ်အသင်းက အိမ်ကွင်းမှာ မက္ကာဘီတဲလ်အဗစ်ကို ဂိုးပြတ်ရှုံးပြီး ကြားမြေမှာကစားတဲ့ အဝေးကွင်းပွဲမှာ အံ့အားသင့်ဖွယ် ဂိုးပြတ်ပြန်နိုင်ကာ ကွာတားတက်ရောက်လာတာပါ။ နှစ်သင်းစလုံးမှာ ဥရောပ ထိပ်တန်းလိဂ်အတွေ့အကြုံရှိသူတွေ ပါဝင်ပြီး ဖီနာဘာချီအသင်းက ကစားသမားအင်အား ပိုတောင့်ပါတယ်။ ဖီနာဘာချီ မရှုံးလောက်ဘူး။

ဗစ်တိုးရီးယားပယ်လ်ဇန် နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

ချက်ကလပ် ဗစ်တိုးရီးယားပယ်လ်ဇန်အသင်းရဲ့ အခုရာသီ ဥရောပပွဲရလဒ်တွေက အတော်လေးကောင်းနေတယ်။ စုစုပေါင်း(၁၄)ပွဲကစားထားရာမှာ (၂)ပွဲသာ သရေကျပြီး (၁၂) ပွဲအထိ အနိုင်ကစားထားတယ်။ ဒါပေမဲ့ ကြုံတွေ့ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတွေက လောက်လောက်လားလား အဆင့်မျိုးတော့ မဟုတ်ပါဘူး။ ဖီအိုရင်တီးနားကတော့ International Break အပြီး ပြန်ကစားတဲ့ပွဲတွေမှာ အေစီမီလန်၊ အတ္တလန်တာ၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ တောက်လျှောက်ပွဲကျပ်ကစားခဲ့ရလို့ ပွဲပန်းနိုင်တာမျိုးတွေ ရှိနိုင်တယ်။ ပယ်လ်ဇန်နဲ့ စွန့်စားချင်တယ်။

ကလပ်ဘရုဂေး နှင့် PAOK (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက အုပ်စုအဆင့်မှာ ပထမနေရာရခဲ့တဲ့ အသင်းတွေဖြစ်ပြီး PAOK အသင်းကတော့ အုပ်စုတွင်းမှာ ဖရန့်ဖတ်လိုအသင်းမျိုးကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တာ သတိပြုရမယ်။ ကစားသမားပိုင်းမှာတော့ ဒီနှစ်သင်းအကြား ကွာဟချက် သိပ်မရှိပါဘူး။ ဂရိလိဂ်မှာ PAOK က ဦးဆောင်နေပြီး ကလပ်ဘရုဂေးထက်လည်း ယုံကြည်မှုပိုမြင့်နေနိုင်တယ်။ ဘယ်လ်ဂျီယံမြေဖြစ်ပေမဲ့ PAOK ပဲ ကြိုက်တယ်။

အက်စတွန်ဗီလာ နှင့် လိုင်လီ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဥရောပကလပ်အသင်းပြိုင်ပွဲတွေဆို မယုံနိုင်စရာတွေ စွမ်းဆောင်ပြထားတဲ့ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီရဲ့အစဉ်အလာကို မေ့ထားလို့မရဘူး။ ပြီးခဲ့တဲ့အဆင့်မှာ ဥရောပအစဉ်အလာပိုကြီးတဲ့ အေဂျက်စ်ကို ပြတ်ပြတ်သားသား ကျော်ဖြတ်ခဲ့သလို၊ အခု လိုင်လီနဲ့ ပွဲကျပ်ကစားရဦးမယ်ဆိုပေမဲ့ သိပ်တော့ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ လိုင်လီက ပြင်သစ်လိဂ်မှာ အဆင့်(၃)နေရာ ရပ်တည်နေပြီး အမ်တီတီ၊ ဘန်တာလက်ဘ်၊ အူနက်စ်၊ အိန်ဂျယ်ဂိုးမက်ဇ်၊ ဒေးဗစ်၊ မန်နိုနီ၊ ကာဘယ်လာတို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်မြေမှာတော့ ဗီလာပဲ နိုင်ဖို့များတယ်။

မူရင်းသတင်း — Eleven Media Group