
မန်စီးတီး နှင့် ရီးယဲလ်မက်ဒရစ်
ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်ကို ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲလို့တောင် တင်စားမှုတွေ ရှိခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကတော့ ရီးယဲလ်ကွင်းမှာ သရေကျပြီး အီတီဟတ်မှာ မန်စီးတီးက ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးတော့ ထပ်ဖြစ်လာဖို့ မရှိတော့ဘူး။ ပထမအကျော့ကလိုပဲ ဆွဲဆောင်မှုရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲကို ထပ်တွေ့ရဦးမယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောသလိုပဲ ဘယ်လင်ဟမ်က ဒီနှစ်သင်းကြား ခြားနားချက်မရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အင်္ဂလန်မြေမှာတော့ မန်စီးတီးပဲကြိုက်တယ်။
ဘိုင်ယန်မြူးနစ် နှင့် အာဆင်နယ်
ပထမအကျော့မှာ အာဆင်နယ်အသင်းက အသင်းလိုက် ပိုကောင်းတဲ့အပြင် လုပ်ရည်ကိုင်ရည်ပိုင်းမှာလည်း အတော်လေး သာလွန်ခဲ့တယ်။ အာဆင်နယ်လိုအပ်နေတာက အသင်းကစားသမားအများစုရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံနည်းနေတဲ့ အပိုင်းပဲဖြစ်တယ်။ ဒါကလည်း လက်ရှိအသင်းသားတွေရဲ့ ယုံကြည်ချက်မြင့်မားမှုနဲ့ ဖြတ်ကျော်နိုင်စွမ်း ရှိပါတယ်။ ဘိုင်ယန်အသင်းကတော့ ဟာရီကိန်းရဲ့ဂိုးလာဘ်နဲ့ ချန်ပီယံလိဂ် အစဉ်အလာကို အားပြုပြီး ကစားရမှာပါ။ လတ်တလောခြေစွမ်းအရလည်း အာဆင်နယ်က သာပါတယ်။ အာဆင်နယ်နဲ့ပဲ စွန့်စားချင်တယ်။