
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူများကို ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ဆုကြေးချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဆုကြေး စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄ သန်း (ပေါင် ၁ ဒသမ ၉ သန်း) ချီးမြှင့်မည်ဖြစ်ပြီး ရွှေတံဆိပ်ဆုရရှိသည့် ကစားသမားများမှာ ဆုတံဆိပ်တစ်ခုလျှင် ဒေါ်လာ ၅၀၀၀၀ (ပေါင် ၃၉၄၀၀) ဆွတ်ခူးရရှိမည်ဖြစ်သည်။
ယခု ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူများကိုသာ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲတွင်မူ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ရရှိသူများကိုပါ တိုးမြှင့်ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်းအတွက် ရွှေတံဆိပ် ၄၈ ခု ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများတွင် ၂၃ ခုစီနှင့် Mixes Events ပြိုင်ပွဲများတွင် နှစ်ခု ချီးမြှင့်မည်ဖြစ်သည်။
လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိမည့် အားကစားအဖွဲ့များမှာ ယခုချီးမြှင့်မည့် ဆုကြေးကို ခွဲဝေယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှာ အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆုကြေးချီးမြှင့်သည့် ပထမဆုံးအားကစားအဖွဲ့ချုပ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ ၃၃ ကြိမ်မြောက် နွေရာသီအိုလံပစ်ပြိုင်ပွဲဖြစ်ပြီး ဇူလိုင် ၂၄ ရက် (ဖွင့်ပွဲအခမ်းအနား-ဇူလိုင် ၂၆ ရက်) မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပရန် စီစဉ်ထားကာ အားကစားနည်း ၃၂ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၃၂၉ မျိုး ကျင်းပမည်ဖြစ်သည်။