
အာဆင်နယ် နဲ့ ခရစ္စတီယာနို ရိုနယ်ဒို အမာခံ ပရိသတ် တယောက်ဖြစ်တဲ့ ပီယာ့စ် မော်ဂန် ဟာ အာဆင်နယ် အနေနဲ့ ရိုနယ်ဒို ကို ခေါ်ယူသင့်တယ်ဆိုတဲ့ သူ့ရဲ့ အကြံပြုမှု ကို မျက်ကွယ်ပြု ခဲ့တဲ့ အတွက် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ရိုနယ်ဒို ဟာ အာဆင်နယ်လို အသင်းမျိုးမှာ ဂိုးများစွာ သွင်းယူနိုင်လိမ့်မယ်လို့ ပြောဆို ထောက်ပြ သွားခဲ့ ပါတယ် ။

အာဆင်နယ် ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန် ဗီလာ အသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အဆင့် ၁ နေရာကို မန်စီးတီး အသင်းဆီ လက်လွှဲပေးခဲ့ရပါတယ် ။ ရာသီကုန်ဖို့ ပွဲအနည်းငယ် လိုအပ်နေသေး ပေမယ့်လည်း ဒီတပတ် ရလဒ်တွေဟာ မန်စီးတီးကို ၄ နှစ်ဆက် ချန်ပီယံ ဖြစ်သွား စေဖို့ အလားအလာ များပြားသွားစေခဲ့ ပါတယ် ။
အာဆင်နယ် ဟာ ဂိုးပုံမှန် သွင်းနိုင်တဲ့ တိုက်စစ်မှူး တယောက်ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ရှာဖွေ ခဲ့ပေမယ့် ကိုင်ဟာဗက် ၊ ဂါဘရီရယ် ဂျေဆူး တို့နဲ့သာ ရာသီစတင်ခဲ့ပါတယ် ။ ၂ ယောက်စလုံးဟာ ဂန်းနားအတွက် ဂိုးတွေ အထိုက် အလျောက် သွင်းပေးခဲ့ပေမယ့် တကယ် အရေးပါပြီး အသင်းက လိုအပ်နေတဲ့ အချိန်တွေမှာတော့ သူတို့ဆီက အားကိုးရလောက်တဲ့ စွမ်းဆောင်မှုတွေ ၊ သွင်းဂိုးတွေကို မကြာခဏ မမြင်တွေ့ခဲ့ရပါဘူး ။

“မနေ့က ( ဗီလာနဲ့ပွဲ ) ပထမပိုင်းမှာဆိုရင် အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ် ။ ဒါပေမယ့် ဂိုးမဖြစ်လာခဲ့ ပါဘူး ။ တကယ်လို့ အိုလီ ဝက်ကင်းစ် သာ ဗီလာ ဘက်က မဟုတ်ဘဲ ကျွန်တော်တို့ ဘက်က ဆိုရင် ဒီပွဲကို ၃-၀ လောက်နဲ့တောင် နိုင်သွားနိုင်မှာပါ” လို့ ပီယာ့စ် မော်ဂန် က အီးမရိတ် ကွင်းထဲက ပွဲအပြီးမှာ သုံးသပ်ပြောဆို ခဲ့ပါတယ် ။
“ကျွန်တော် ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ကျွန်တော်တို့ အသင်းမှာ တရာသီ ဂိုး အစိတ်လောက် ( ၂၅+ ) အသာလေ သွင်းနိုငိမယ်လို့ ယုံကြည်နေတုန်းပါပဲ ။ ကျွန်တော့ရဲ့ အကြံပြုမှုကို အာတီတာ လျစ်လျှူရှုပြီး မျက်ကွယ်ပြုခဲ့တာ တကယ်ဆိုးပါတယ်” လို့ ပီယာစ့် မော်ဂန် က ဆိုရှယ်မီဒီယာထက်ကနေ ရေးသား ဝေဖန်သွားခဲ့ ပါတယ် ။

အသက် ၃၉ နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဆော်ဒီ ပရိုလိဂ်မှာ ဂိုးသွင်းခြေစွမ်းတွေ ပြသနေပြီး ဒီရာသီ ဂိုးသွင်းဘုရင်ဆု အတွက် ၂၉ ဂိုးနဲ့ ဦးဆောင်လို့နေပါတယ် ။
SPORTS MYANMAR