
အာဆင်နယ် အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် တိုက်ပွဲဝင်နေတဲ့ အက်စ်တွန် ဗီလာ အသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်သွားပါတယ် ။
ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် စွမ်းဆောင်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ အာဆင်နယ် အဖို့ ဒီရှုံးပွဲဟာ ၂၀၂၄ ခုနှစ် အတွင်း ပထမဆုံး ကြုံလိုက်ရတဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ ဖြစ်သလို ၊ လက်ရှိ ချန်ပီယံ မန်စီးတီးထံလည်း အဆင့် ၁ နေရာကို လွှဲပြောင်းပေးလိုက်ရပါတယ် ။

အာဆင်နယ်ဟာ ဒီပွဲရဲ့ ပထမပိုင်း အတွင်း တိုက်စစ်က အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၊ ဒုတိယပိုင်း တခုလုံး ဖိအားဒဏ်တွေနဲ့ ကစားခဲ့ရကာ ၊ ဗီလာရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး ။
အာဆင်နယ် နည်းပြ မီခေးလ် အာတီတာဟာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေစဉ် အတွင်း လူစားလဲမှု တချို့ လုပ်ခဲ့ရာ ၊ ညာနောက်ခံလူ နေရာမှာ ဘန်ဝှိုက် အစား တိုမီယာစုကို အစားထိုးခဲ့ခြင်းလည်း တခု အပါအဝင် ဖြစ်ခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ လူစားအလဲမခံရခင် ဘန်ဝှိုက်ဟာ ကိုယ့်အသင်း အပေါ် အန္တရာယ် ပြုစေနိုင်တဲ့ ဗီလာရဲ့ ထိုးဖောက်မှု တကြိမ်ကို လျှောထိုးဖြတ်ထုတ် တားဆီးခဲ့ခြင်း မရှိတဲ့ အပေါ် အခုလိုပဲ ဝေဖန်သွားခဲ့ပါတယ် ။
မာဆင် က ” လူစားလဲမခံရခင် အခိုက်အတန့် တရပ်မှာ ဘန်ဝှိုက်ဟာ ဘောလုံး ဖြတ်ထုတ်မှု လုပ်ဖို့ တွန့်ဆုတ်ခဲ့တာ တွေ့ရပါတယ် ။ ခင်ဗျား အနေနဲ့ ဒီလို အရာတွေကို ရှောင်ရှားရပါမယ် ။ ဘဝမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ အခွင့်အရေး အများကြီး မရတာကြောင့် ဒီလို အခွင့်အရေးတွေ ပေါ်လာရင် ခင်ဗျား အနေနဲ့ ကိုယ်တိုင် ဝင်ရောက် တားဆီးရပါမယ် ။ ”

” ဘန်ဝှိုက်ဟာ ဘောလုံး ဖြတ်ထုတ်မှု လုပ်ဖို့ တွန့်ဆုတ်နေခဲ့တာပါ ။ သူဟာ နောက်ခံလူ တယောက် ဖြစ်လျက်နဲ့ ဖြတ်ထုတ်မှု လုပ်ဖို့ တွေဝေနေခဲ့တာပါ ။ ခင်ဗျားဟာ ဒီလို အခွင့်အရေးမျိုး များများစားစား မရနိုင်ပါဘူး ။ အိမ်ကွင်းမှာလည်း ကန်ရတာ ဖြစ်တာကြောင့် ဒီအခွင့်အရေးကို သူ လက်လွှတ်လိုက်ရပြီလို့ ကျွန်တော် ထင်ပါတယ် ။ ”
” ခင်ဗျားဟာ ၃၂ပွဲအထိ ကြိုးစားပန်းစား ကစားလာပြီး တကိုက်အလိုမှာ ဒီဖြတ်တင်ဘောကို တားဆီးဖို့ တွန့်ဆုတ်သွားတာပါ ။ ဒီတော့ သွားပြီလို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း ဘန်ဝှိုက်ရဲ့ ယင်းလုပ်ရပ် အပေါ် သင်္ကာမကင်း ဖြစ်မိကြောင်း Sky Sports ရဲ့ ပွဲကြေညာမှု အစီအစဉ် အတွင်း အခုလိုပဲ သုံးသပ်သွားခဲ့ပါတယ် ။

မာဆင် က ” ဘန်ဝှိုက်ဟာ ရှေ့၂မိနစ်လောက်ကပဲ မက်ဂင်းကို ဖြတ်ထုတ်တားဆီးဖို့ ၅၀ – ၅၀ အခွင့်အရေး ရခဲ့ပါတယ် ။ သူနဲ့ ပတ်သက်ပြီး တခုခု လွဲများ လွဲနေသလားလို့ ကျွန်တော် မေးခွန်းထုတ်ချင်ခဲ့ပါတယ် ။ ဒါက နည်းစနစ် အရ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ”
” ဒါပေမယ့် ဘန်ဝှိုက် အနေနဲ့ ဒါမျိုး ပြုမူတာက နည်းနည်းတော့ ထူးဆန်းတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ ဒဏ်ရာ ရနေတာ ဒါမှမဟုတ် ထိခိုက်မှု တခုခု ခံစားနေရတဲ့ပုံလည်း မပေါ်နေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR