Sports Myanmar

အိမ်ကွင်းရော အဝေးကွင်းမှာပါ အနိုင်ယူပြီးနောက် အသင်းဟောင်း အာဆင်နယ်ထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ အမ်မီ မာတီနက်ဇ်

 

အက်စ်တွန် ဗီလာ အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံ သရဖူ အတွက် မန်စီးတီးကို အနီးကပ် ဖိအားပေးနေတဲ့ အာဆင်နယ် အသင်းကို အမ်းမရိတ်စ်မှာ ၀ – ၂ ရလဒ်နဲ့ အနိုင်ကန်သွားခဲ့ကာ ၊ ဒီရာသီ ၄င်းတို့ကို အိမ်ကွင်းရော အဝေးကွင်းမှာပါ ထိုးနှက်နိုင်လိုက်ပါတယ် ။

ဒီပွဲမှာ ဗီလာဖက်က အာဆင်နယ် ဂိုးသမားဟောင်း အမ်မီ မာတီနက်ဇ်ဟာ ဧည့်သည် အသင်း အတွက် အရေးပါတဲ့ ဂိုးပေါက် ကာကွယ်မှုတွေ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။ ပွဲအပြီး အင်တာဗျူးမှာတော့ အသင်းဟောင်းထံသို့ မာတီနက်ဇ်က အခုလိုပဲ မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

မာတီနက်ဇ် က ” ဒီမှာ ကျွန်တော် ရှိခဲ့တာ ၁၀နှစ် ၊ ၁၁နှစ်လောက် ကြာခဲ့ပါတယ် ။ ဒီမှာ ကျွန်တော့ မိတ်ဆွေတွေ ရှိနေဆဲပါ ။ ကျွန်တော်ဟာ ဒီကို လူငယ် တယောက် အဖြစ်နဲ့ ရောက်လာပြီး လူကြီး တဦး အဖြစ်နဲ့ ထွက်ခွာခဲ့တာပါ ။ ဒီကလပ်ကို ကျွန်တော် အမြဲ ချစ်မြတ်နိုးနေမှာပါ ။ ”

” သူတို့ဟာ အဆင့် ၂ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ် ။ ဒီအနေအထားအထိ သူတို့ ရောက်လာတာ ဖြစ်သလို ၊ သူတို့မှာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တဦး ရှိပါတယ် ။ ကျွန်တော် မီခေးလ် ( အာတီတာ ) နဲ့ အတူ အလုပ်လုပ်ခဲ့ဖူးပြီး ၊ သူ ဘယ်လောက်တော်တယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ”

” နိုင်ပွဲတိုင်းကို ကျွန်တော် နှစ်ခြိုက်မှု ရှိပေမယ့် ၊ ပရိသတ်တွေဟာ ကျွန်တော်တို့ အပေါ် အိမ်ကွင်းရော ၊ အဝေးကွင်းမှာပါ အပြည့်အဝ အားပေးလာကြတာပါ ။ ဒီအဝေးကွင်း နိုင်ပွဲဟာ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အပေါ် အကူအညီပေးပါလိမ့်မယ် ။ ”

” ဒါက ပထမ အဆင့်ပါ ။ နောက်ထပ် ကစားဖို့ ဗိုလ်လုပွဲတွေ ကျန်နေပါသေးတယ် ။ ဒါပေမယ့် ဒီနိုင်ပွဲကို ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် ခံစားဖို့ လိုသလို ၊ ကြာသပတေးနေ့ကျရင် ထပ်ကြိုးစားပြီး ဆီမီးဖိုင်နယ် တက်ရောက်ဖို့ လုပ်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

စနေနေ့က ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် ကြိုးပမ်းနေတဲ့ တော့တင်ဟမ်တို့ နယူးကာဆယ်ကို ၄ဂိုးပြတ် ရှုံးခဲ့တာကိုလည်း ဗီလာတို့ မနေ့က နိုင်ပွဲနဲ့ အခွင့်ကောင်း ယူလိုက်ပြီ ဖြစ်ပါတယ် ။ ဗီလာ နည်းပြ အူနိုင်း အမ်မရီကလည်း အမ်းမရိတ်စ်မှာ အသင်းဟောင်းကို အနိုင်ယူဖို့ ဘယ်လို ပြင်ဆင် ကြိုးစားခဲ့လဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

အမ်မရီ က ” ကျွန်တော့ ကစားသမားတွေ အတွက် အရမ်း ဂုဏ်ယူမိပါတယ် ။ အာဆင်နယ်ကို ဒ်ီမှာ အနိုင်ယူဖို့ ဆိုတာ အရမ်း ခက်ခဲပါတယ် ။ ကျွန်တော်တို့ဟာ ပွဲအတွင်း ရာနှုန်းပြည့် အာရုံစူးစူးစိုက်စိုက်နဲ့ ကစားဖို့ ၊ ခံစစ်ပိုင်းအရ ကျစ်လျစ်ဖို့ ၊ အရာရာမှာ မြင့်မြင့်မားမား စွမ်းဆောင်ပြဖို့ လိုခဲ့ပါတယ် ။ ”

” မန်စီးတီးနဲ့ ပွဲကထက် ကျွန်တော်တို့ဟာ ပိုပြီး ကြီးမားတဲ့ ခံယူချက်မျိုး ပြသဖို့ လိုခဲ့ပါတယ် ။ ဒါဟာ ဒီပွဲအတွက် ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ အရာ ဖြစ်ပြီး ၊ ဒီခြေစွမ်းအဆင့်အတန်း အတိုင်း သူတို့ကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါဟာ အသင်းသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က ရချင်တဲ့ အဆင့် ဖြစ်လို့ပါ ။ ကျွန်တော်တို့ ပိုကောင်းလာနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar