
အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဝုလ်ဗာဟမ်တန် အသင်းကို ၂ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲမှာ ဂိုးသမား ဒေးဗစ်ရာယာ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားခဲ့ပြီး နိုင်ပွဲ ရရှိရှာမှာ ရာယာ ရဲ့ ကာကွယ်မှုက အခရာ ကျခဲ့ကြောင်း ဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝုလ်ဗာဟမ်တန် အသင်း နဲ့ ပွဲမှာ ထရောဆက်ဒ် ၊ အော်ဒီဂတ် တို့ရဲ့သွင်းဂိုးတွေ နဲ့ အနိုင် ရသွားခဲ့တာ ဖြစ်ပြီး အဝေးကွင်း ၆ ပွဲဆက်တိုက် Clean-Sheet ကို ရယူ နိုင်ခဲ့ပါတယ် ။ ဂိုးမရှိ သရေ ကျနေချိန်မှာ ဂိုမက်ဇ် ရဲ့ အပိုင် ကန်ချက် ကို ရာယာ လက်စွမ်းပြ ကာကွယ် နိုင်ခဲ့တာကြောင့်သာ အာဆင်နယ် အသင်း ဦးဆောင်ဂိုး မပေးခဲ့ရတာပါ ။
အဆိုပါ အခိုက်အတန့်က အသင်း ရဲ့ နိုင်ပွဲ အတွက် ဘယ်လောက် အထိ အရေးပါသလဲ ဆိုတဲ့ မေးခွန်းကို အာတီတာ က ” သိပ်ကို အရေးပါတာပေါ့ဗျာ ။ အဲ့ဒီ အချိန်မတိုင်ခင် အထိ ကျနော်တို့ ဘာ အခွင့်အရေးမှ မပေးခဲ့ရပါဘူး ၊ ပွဲအခြေအနေကို ပြောင်းလဲ သွားနိုင်တဲ့ အခိုက်အတန့် တစ်ခုပါ ။ ”

” အဲ့ဒီအခိုက်အတန့်မှာ ရာယာ က လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ် ၊ အဲ့ဒီနောက် ကျနော်တို့ ပွဲကို ပြန်အသာ ရသွားခဲ့ပါတယ် ။ ရာယာ က ဒီတစ်ရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသ ထားနိုင်သူပါ ၊ အချက်အလက်တွေက တူတူပါပဲ ၊ ပထမသွင်းဂိုး ကို အချိန်ကိုက် ရလိုက်တာကလည်း နိုင်ပွဲ အတွက် အထောက်အကူ ဖြစ်စေပါတယ် ၊ တကယ့်ကို ပျော်ရွှင်မိပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။
SM