Sports Myanmar

ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ်မှာ ဆောက်ဂိတ်ရွေးချယ်မယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

 

ရီယိုဖာဒီနန်ဟာ လာမည့် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်အဆင့်မှာ ဂါရက်ဆောက်ဂိတ် ရွေးချယ်မယ့် အသင်းကို ခန့်မှန်းသွားခဲ့ပါတယ်။ ဆလိုဗက်ကီးယားကို ကံကောင်းထောက်မစွာ အနိုင်ရခဲ့တဲ့ အင်္ဂလန်ဟာ လာမည့် စနေနေ့မှာ ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ်က ကစားပုံကို ပြသခဲ့မယ်ဆိုရင်တော့ ဆွစ် တို့ကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

အင်္ဂလန် ပရိတ်သတ်တွေ ကတော့ အီတလီကို ဖြုတ်ချခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ဆောက်ဂိတ် အနေနဲ့ ဘယ်သူတွေကို ပွဲထုတ်သင့်သလဲဆိုတာကို ငြင်းခုန်နေကြပြီး အနည်းဆုံးကတော့ ပွဲပယ်ထိထားခဲ့တဲ့ ဂီယီရဲ့ နေရာမှာတော့ ဆောက်ဂိတ် အနေနဲ့ အပြောင်းအလဲ လုပ်သွားရတော့မှာ ဖြစ်ပါတယ်။

ဖာဒီနန်က “ဂါရက်ဆောက်ဂိတ် လာမည့် ပွဲစဉ်မှာ သူ့အသင်းကို ဘယ်လို ကစားခိုင်းမလဲ ဆိုတာ ကျနော် ခန့်မှန်းပါမယ်။ ဂျော်ဒန်ပစ်ဖို့ဒ် ကတော့ ဂိုးသမားနေရာမှာ သေချာနေပြီး ဖြစ်ပါတယ်။ ညာနောက်ခံလူ နေရာမှာ ကိုင်းဝေါ်ကာ ၊ ဂီယီက ပွဲပယ်ခံထားရတာကြောင့် သူ့နေရာမှာ ခွန်ဆာက ဝင်ကစားခွင့် ရမယ်လို့ ကျနော် ထင်ပါတယ်။ သူနဲ့ ဂျွန်စတုန်းတို့ ဗဟိုခံစစ်မှာ တွဲဖက်ပြီး ထရစ်ပီးယားကို သူ ဘယ်နောက်ခံလူ အဖြစ် ကစားခိုင်းအုံးမယ်လို့ ကျနော် ထင်ပါတယ်။

ကျနော်ကတော့ လူ့ရှောကို ကစားစေချင်ပါတယ်။ သူ ၇၅% ပဲ ကြံ့ခိုင်မှု ရှိတယ်ဆိုရင် ကျနော် သူ့ကိုပဲ ကစားခိုင်းမှာပါ။ I’m Sorry ပါ။ ရှောဟာ ကျနော်တို့ လိုအပ်နေတဲ့ ဟန်ချက်ကို ပေးနိုင်မှာပါ။ ကျနော် ကတော့ သူ့ကိုပဲ ကစားခိုင်းချင်ပါတယ်။ ထရစ်ပီးယားဟာ ဘယ်နောက်ခံလူ အဖြစ် ဘယ်လို ကစားရသလဲဆိုတာ တကယ် နားလည်တယ်လို့ ကျနော် မထင်ပါဘူး။ သူဟာ အရမ်းကောင်းတဲ့ ညာနောက်ခံလူ ဖြစ်ပေမယ့် ဘယ်နောက်ခံ နေရာမှာတော့ သူ ခက်ခဲနေပါတယ်။ ကျနော့်ဘက်က ရှောကို ကစားစေချင်ပေမယ့် ဆောက်ဂိတ် ကတော့ ထရစ်ပီးယားကိုပဲ ကစားခိုင်းမယ်လို့ ထင်ပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ သူဟာ ဒန်ကလန်ရိုက် ၊ ကိုဘီမိုင်နူး ၊ ဘယ်လင်ဟမ် ၊ ဆာကာ ၊ ဖိုဒန် နဲ့ ကိန်း တို့ကိုပဲ သုံးသွားမယ်လို့ ထင်ပါတယ်။ သူ အပြောင်းအလဲ လုပ်လိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ဒီလို လုပ်မယ်လို့လည်း မမြင်မိပါဘူး။ ပြီးတော့ ကျနော်တို့ နောက်ကျမှ လူစားလဲမှုတွေ ထပ်လုပ်တာကို မြင်ရမှာပါ။ အင်္ဂလန်တို့ ဒီပွဲကို အနိုင်ရပါလိမ့်မယ်။” လို့ ခန့်မှန်းလိုက်ပါတယ်။

မူရင်းသတင်း — Sports Myanmar