Sports Myanmar

အင်္ဂလန်စူပါစတားကို ဆွစ်ဇာလန်နဲ့ပွဲမှာ အရန်ခုံ ပို့ဆောင်ရန် တိုက်တွန်းလိုက်တဲ့ ဟာမန်း

ဂျာမနီ နဲ့ လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ ဒီဒီဟာမန်းက အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ် အနေနဲ့ လာမည့် ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဂျူ့ဘယ်လင်ဟမ်ကို အရန်ခုံ ပို့ဆောင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဟာမန်းက ဘယ်လင်ဟမ်ကို အရန်ခုံ ပို့ခြင်းအားဖြင့် ဖီးဖိုဒန် အနေနဲ့ နံပါတ် ၁၀ နေရာမှာ တောက်ပနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဟာမန်းက “ဆောက်ဂိတ် အနေနဲ့ လာမည့် ပွဲစဉ်မှာ နေရာ ၂ ခု ၃ ခုကို အပြောင်းအလဲ မလုပ်ဘူးဆိုရင် ကျနော်ကတော့ သူတို့ ဆီမီးဖိုင်နယ် တက်လိမ့်မယ်လို့ သိပ်ပြီး မမျှော်လင့်မိပါဘူး။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းကို ဒီအတိုင်းသာ ဆက်သွားစေခဲ့ပါတယ်။ ဖိုဒန် နဲ့ ဘယ်လင်ဟမ် ကြားထဲကနေ တစ်ယောက်ပဲ ကစားနိုင်မယ် ဆိုရင် ကျနော် ကတော့ ဖိုဒန်ကိုပဲ ရွေးချယ်သွားမှာပါ။

ကျနော် ကတော့ ဘယ်လင်ဟမ်ကို အရန်ခုံ ပို့သင့်တယ်လို့ ထင်ပါတယ်။ ဖိုဒန်ကို နံပါတ် ၁၀ နေရာထားပြီး ကိုးပါးလ်မား နဲ့ ဂေါ်ဒွန် တို့ကို တောင်ပံ တစ်ဖက်တစ်ချက်စီမှာ ကစားစေသင့်ပါတယ်။ ဆောက်ဂိတ် အနေနဲ့ ဟယ်ရီကိန်း နဲ့ ပက်သက်ပြီး ဘာလုပ်သွားရမလဲ ဆိုတာကိုလည်း စဉ်းစားသင့်ပါတယ်။”

ဆက်လက်ပြီး ဟာမန်းက “ဘယ်လင်ဟမ်ဟာ မက်ဒရစ်မှာ ပထမဦးဆုံး ၆ လ ပြီးနောက် ကစားပုံ ကျခဲ့ပါတယ်။ သူဟာ ခရစ်စမတ် ကတည်းက ရီးရဲယ် အတွက် သာမန်လောက်ပဲ ကစားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ကွာတား ဆီမီး နဲ့ ဖိုင်နယ် တွေမှာ သူ့ကို မမြင်ရသလောက်ပါပဲ။ ဒါ့ကြောင့် ယူရိုမှာ သူ့ရဲ့ ကစားပုံ အပေါ် ကျနော် မအံ့သြမိတာပါ။

ဘယ်လင်ဟမ်ဟာ ကစားသမားကောင်း ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက performance ကို ထပ်ပြီး confirm လုပ်ဖို့ လိုအပ်ပါတယ်။ လူတော်တော်များများက ဘလွန်းဒီအောဆုနဲ့ ပက်သက်ပြီး ပြောနေကြပေမယ့်လည်း ကျနော် ကတော့ ဒီအချိန်မှာ သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် မမြင်မိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

မူရင်းသတင်း — Sports Myanmar