Sports Myanmar

ယူရို ၂၀၂၄ အတွင်း ခြေစွမ်းပြနေတဲ့ စတား တဦးကို ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ စည်းရုံးနေတယ်လို့ ဖွင့်ဟလာတဲ့ ကူကူရယ်လာ

 

ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အတွင်း စပိန် လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ပွဲထွက်ခွင့် ရရှိနေကာ ၊ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားတဲ့ ဘယ်နောက်ခံလူ တဦး အဖြစ်လည်း ရပ်တည်နေပါတယ် ။

ကူကူရယ်လာလိုပဲ စပိန် တသင်းလုံးဟာ ဒီယူရိုပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ အာရုံကို အပြည့်အဝ ဖမ်းစားလျက်ရှိပါတယ် ။ အထူးသဖြင့် စပိန်ရဲ့ တောင်ပံ တိုက်စစ် ၂ခြမ်းမှာ အသက်နဲ့ မလိုက်အောင် ခြေစွမ်းပြနေတဲ့ ဘီလ်ဘာအို ကြယ်ပွင့် နီကို ဝီလီယမ်စ်နဲ့ ဘာစီလိုနာ ကြယ်ပွင့် ယာမဲလ်တို့ ဖြစ်ပါတယ် ။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နီကို ဝီလီယမ်စ်ဟာ ပြီးခဲ့တဲ့ ရာသီ ဘီလ်ဘာအို အတွက် ခြေစွမ်းပြခဲ့လို့ ဥရောပ အင်အားကြီး အသင်းတွေရဲ့ ရေဒါထဲ ရောက်လာပြီးနောက် ၊ ယူရို ၂၀၂၄ မှာပါ ပိုပြီး ဆွဲဆောင်မှု ရှိတဲ့ ကစားဟန်တွေကို ဆက်လက် ပြသနေတာ တွေ့ရပါတယ် ။

စပိန် သတင်းဌာန SPORT နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ကူကူရယ်လာက သူ့ရဲ့ စပိန် အသင်းဖော် နီကို ဝီလီယမ်စ်ကို ခြင်္သေ့ပြာတို့ဆီ ခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ကူကူရယ်လာ က ” သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ ။ သူဟာ ကိုယ်ပိုင် အလားအလာတွေ အကုန်လုံးကို ထုတ်ဖော်ပြသနေပါတယ် ။ သူ ကျွန်တော်တို့ အသင်းမှာ ရှိနေတာ ၊ ကျွန်တော်တို့ရဲ့ အသင်းဖော် ဖြစ်နေတာက ဂုဏ်ယူစရာပါပဲ ။ နောက်ပြီး သူ့လို ကစားသမား တယောက် ရှိနေခြင်းက အရာရာ လွယ်ကူစေပါတယ် ။ ”

” ( ဘာစီလိုနာ အတွက် ) သူဟာ ကြီးကျယ်တဲ့ ခေါ်ယူမှု တရပ် ဖြစ်စေနိုင်ပေမယ့် ၊ သူ ဘာကို အလိုရှိလဲ ဆိုတဲ့ အပေါ်သာ မူတည်နေတာပါ ။ ကျွန်တော်ကတော့ သူ ချဲလ်ဆီးကို ပြောင်းလာဖို့ ပြောထားပါတယ် ။ အဆုံးမှာတော့ အရာရာက သူ့အပေါ်ပဲ မူတည်ပါတယ် ။ ”

” သူဟာ အသက် ငယ်သေးပေမယ့် အတွေ့အကြုံ အများကြီး ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ စပိန်ဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ဂျာမနီနဲ့ ရင်ဆိုင်ကစားဖို့ ရှိပြီး ၊ ဒါဟာ ၎င်းတို့ရဲ့ ပြိုင်ပွဲတလျှောက် အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်လာနိုင်ပေမယ့် ၊ ဒါကို ကျော်ဖြတ်ပြနိုင်ရင် ဗိုလ်စွဲဖို့ အလားအလာ အတော်လေး မြင့်မားသွားမှာ သေချာပါတယ် ။

ဒီပွဲနဲ့ ပတ်သက်ပြီး ကူကူရယ်လာ က ” ဒါက တဖက်နဲ့ တဖက် အပြန်အလှန် ဖွင့်ကစားမယ့် ပွဲတပွဲ ဖြစ်လာပါလိမ့်မယ် ။ ဒီလိုပွဲမျိုးမှာ အသေးစိတ် အချက်အလက်တွေကပဲ အဆုံးအဖြတ် ပေးတတ်တာပါ ။ ဒီလို ရှုံးထွက်ပွဲမျိုးတွေကို ကျွန်တော်တို့ ချဉ်းကပ်ကစားတာ အရမ်းကောင်းပါတယ် ။ ”

” အုပ်စုတွင်းက အရေးကြီးတဲ့ ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ ခရိုအေးရှားနဲ့ အီတလီတို့ကို ကျွန်တော်တို့ ကောင်းကောင်းကြီး ထိန်းချုပ် ကစားသွားခဲ့ပါတယ် ။ အရင်က မှားခဲ့တဲ့ နေရာတွေကို ကျွန်တော်တို့ ပြင်ဆင်ထားပြီး ၊ တိုးတက်အောင် လုပ်ထားပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက အရမ်း တောင်းဆိုမှု မြင့်မားတဲ့ ပွဲတပွဲ ဖြစ်လာမှာမို့ပါ ။ ဒီပွဲကို ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar