Sports Myanmar

ပြီးပြည့်စုံတဲ့ အင်္ဂလန် စတား တဦး ယူရိုမှာ ဘာကြောင့် ပွဲထွက်ခွင့် မရသေးလဲ ဆိုတာ နားမလည်ကြောင်း ထုတ်ပြောလာတဲ့ ဆွစ်ဇာလန် ကြယ်ပွင့်

 

လာမယ့် စနေနေ့မှာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ဒုတိယနေ့ကို ဆက်လက်ကျင်းပမှာ ဖြစ်ရာ ၊ အင်္ဂလန် – ဆွစ်ဇာလန် ပွဲကလည်း ပရိသတ်တွေ အတွက် စောင့်ကြည့်ရမယ့် ပွဲတပွဲ အဖြစ် ရှိနေပါတယ် ။ အထူးသဖြင့် ၁၆သင်း အဆင့်အထိ ခြေစွမ်း အားရစရာ တစက်မှ မရှိတဲ့ နာမည်ကြီး အင်္ဂလန်တို့ ဘာတွေ ဆက်လုပ်ပြမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ဆလိုဗက်ကီးယားနဲ့ ၁၆သင်း ရှုံးထွက် အဆင့် အထိ ပွဲထွက်စာရင်းမှာ အပြောင်းအလဲ ၂ခုသာ လုပ်ထားပြီး ၊ အချိန်ပို ၂ပိုင်း ကစားအပြီးမှာတော့ ရဲတင်းတဲ့ ပြောင်းလဲမှုတွေ လုပ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ကွာတားသို့ တက်ရောက်လာရာမှာ ပွဲထွက် ကစားသမားတွေ ဖြစ်ကြတဲ့ ဂျုဒ်ဘယ်လင်ဂမ်နဲ့ ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေက အရေးပါခဲ့တာ မှန်ပေမယ့် ၊ လူစားဝင် ကစားခဲ့ကြတဲ့ ကြယ်ပွင့်တွေရဲ့ သက်ရောက်မှုကို အသိအမှတ် မပြုလို့ မရနေပါဘူး ။

ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာဟာလည်း ထိုပွဲမှာ လူစားဝင်ကာ ၊ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့ပြီး ၊ ဆွစ်ဇာလန်နဲ့ ပွဲအတွက် သူ့ကို ပွဲထွက်စာရင်းမှာ စသုံးဖို့ ဆောက်ဂိတ်ထံ မက်ဆေ့ချ်ပေးနိုင်ခဲ့ပါတယ် ။

အုပ်စု အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆွစ်ဇာလန် တိုက်စစ်မှူး ကွာဒ်ဝို ဒူဝါက ပါလ်မာ တယောက် ယူရို ၂၀၂၄ အတွင်း ပွဲထွက်ခွင့် မရသေးတာကို နားမလည်ကြောင်း ပြီးခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ထုတ်ပြောလာပါတယ် ။

ဒူဝါ က ” ဟုတ်ပါတယ် ။ အင်္ဂလိပ် ဘောလုံးလိဂ်တွေ အကြောင်း ကျွန်တော် စောင့်ကြည့်ဖြစ်ပါတယ် ။ ကျွန်တော့ရဲ့ အိုင်ဒေါက ဒီဒီယာ ဒရော့ဘာ ဖြစ်တာကြောင့် ကျွန်တော်ဟာ အမာခံ ချဲလ်ဆီး ပရိသတ် တယောက်လို့ ပြောရပါမယ် ။ ”

” သူ ( ပါလ်မာ ) ဟာ အရမ်းကောင်းတဲ့ ဘောလုံး ရာသီ တခု ဖြတ်သန်းခဲ့တာပါ ။ နောက်ပြီး ကျွန်တော် စဉ်းစားနေတာက ‘ ဘာလို့ သူ အခုထိ ( ယူရိုမှာ ) ပွဲထွက်ခွင့် မရသေးလဲ ‘ ဆိုတာပေါ့ ။ သူ့ရဲ့ အချက်အလက်တွေက ကျွန်တော့ အမြင်မှာ ပြီးပြည့်စုံမှု ရှိပါတယ် ။ ”

” ဒီတပတ် ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ သူ ပွဲထွက်ခွင့် ရလာမလား စောင့်ကြည့်ကြတာပေါ့ဗျာ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အင်္ဂလန် နည်းပြ ဆောက်ဂိတ်ကတော့ ညာခြမ်း တိုက်စစ်မှာ ပါလ်မာ အပြင် အာဆင်နယ် ကြယ်ပွင့် ဘူကာယို ဆာကာကိုပါ ပိုင်ဆိုင်ထားလို့ ဝမ်းမြောက်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဆောက်ဂိတ် က ” အနည်းငယ် ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ ။ ဒါပေမယ့် ၂ဦးလုံးဟာ ဘယ်ခြေသန်ကြပြီး ၊ ညာတောင်ပံကနေ ဘောလုံး ဆွဲပြေးကာ ပင်နယ်တီ ဧရိယာထဲ ချိုးဝင်ပြီး ဂိုးသွင်းရတာ ကြိုက်နှစ်သက်ကြပါတယ် ။ ”

” ဘူကာယိုကတော့ အနည်းငယ် ပိုပြီး တည့်တိုးကစားပြီး ၊ အပြေးအား ပိုရှိသလို ၊ အတွေ့အကြုံ ပိုရင့်ကျက်ပါတယ် ။ ကိုးလ်ကလည်း ဒီအသင်းမှာ အထိုင်ကျနေပါပြီ ။ ဒီရာသီ ပရီးမီးယားလိဂ်မှာသာမက ၊ ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းရာမှာလည်း လိုက်လျောညီထွေ ရှိနေပါပြီ ။ ”

” ဒီတော့ ကျွန်တော်တို့ဟာ သူတို့ ၂ယောက်လုံးနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေပါတယ် ။ ၂ဦးလုံးဟာ ဒီပြိုင်ပွဲမှာ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပြီး ၊ ခင်ဗျားဟာ ထူးခြားမှုတွေ ဖန်တီးဖို့ အပြောင်းအလဲတွေ အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar