Sports Myanmar

ဂန်းနားတို့ကို မီးစိမ်းပြထားတဲ့ ကာလာဖီအိုရီ နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

 

ယူရို ၂၀၂၄ မှာ အီတလီ အသင်း နဲ့ အတူ တောက်ပခဲ့တဲ့ ဘိုလောဂ့်ညာ နောက်ခံလူ ကာလာဖီအိုရီ ဟာ အာဆင်နယ် အသင်း ထံ ပြောင်းရွှေ့ဖို့ မီးစိမ်း ပြထားပြီး ဖြစ်ကာ ကလပ် အသင်း နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့တော့ လိုအပ်ပါ‌ သေးတယ် ။ နည်းပြ အာတီတာ ဟာ ခံစစ် အတွက် ဗဟို ခံစစ်မှာရော ဘယ်နောက်ခံလူ နေရာမှာပါ ကစားနိုင်တဲ့ ဘယ်ခြေအားသန် ကစားသမား ကို အလို ရှိနေတာ ဖြစ်ပြီး ကာလာဖီအိုရီ နဲ့ ကိုက်ညီ နေတာလည်း ဖြစ်ပါတယ် ။ ဘိုလောဂ့်ညာ အသင်းကတော့ ကာလာဖီအိုရီ အတွက် ယူရို သန်း ၅၀ ဝန်းကျင် အလို ရှိနေပါတယ် ။ တိုမီယာဆု ရဲ့ အပြောင်းအရွှေ့ အပြီးမှာ အာဆင်နယ် နှင့် ဘိုလောဂ့်ညာကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တယ်လို့လည်း သိရပါတယ် ။

၂၀၂၄-၂၅ ဘောလုံး ရာသီမှာ အာဆင်နယ် အသင်း ဝတ်ဆင် ကစားမယ့် အဝေးကွင်း ဂျာစီကို ဇူလိုင်လ ၁၈ ရက် ၊ ကြာသပတေး နေ့မှာ တရားဝင် မိတ်ဆက် သွားမှာ ဖြစ်ပါတယ် ။

အိုင်းယက်စ် အသင်းဟာ အာဆင်နယ် အသင်း ရဲ့ ဘယ်နောက်ခံလူ နူနိုတာဗာရက်စ် ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့ Sky Sports က ဆိုလာခဲ့ပါတယ် ။ ပေါ်တူဂီ လက်ရွေးစင်ဟောင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းမှာ အငှား ထွက် ကစားပြီးနောက် အမ်းမရိတ် ကို ပြန်လည် ရောက်ရှိနေသူ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ လူငယ် တိုက်စစ်မှုး အိုဘီမာတင် ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ရာ အရင်ကထက် ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ထားတယ်လို့ သိရပါတယ် ။ ဒါပေမဲ့ ကစားသမား ဘက်က အသင်းကြီး မှာ ကစားခွင့် ရမယ့် လမ်းကြောင်း အပေါ် အာမခံချက် ပေးတာမျိုး အလို ရှိနေပြီး တခြား ဥရောပ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေနဲ့ ချင့်ချိန်ပြီး ဆုံးဖြတ် သွားဖို့ ရှိပါတယ် ။

အာဆင်နယ် အသင်းဟာ လိုကွန်ဂါ ကို ဆီဗီလာ အသင်းထံ အငှားချရာမှာ သတ်မှတ် ပွဲအရေအတွက် ပြည့်ပါက အပြီးသတ် ခေါ်ယူခွင့်ကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ် ။ ဆီဗီလာ ဟာ လိုကွန်ဂါ ရဲ့ အပြောင်းအရွှေ့ကို လာမယ့် အပတ်မှာ အပြီးသတ် နိုင်ဖို့ လုပ်ဆောင်လျက် ရှိနေပါတယ် ။

မီကာဘီးရက် ဟာ ပြီးခဲ့တဲ့ ရာသီမှာ အငှား သွားကစားခဲ့တဲ့ ဩစတီးယား ကလပ် Sturm Garz ကို အပြီးသတ် ပြောင်းရွှေ့ ကစားတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ အာဆင်နယ် အသင်းဟာ ဘီးရက် ရဲ့ အပြောင်းအရွှေ့မှာ sell-on Claude ထည့်သွင်းသွားမယ်လို့ သိရပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar