
ယနေ့ညမှာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် ၂ပွဲ စတင် ကစားသွားမှာ ဖြစ်ပြီး ၊ အိမ်ရှင် ဂျာမနီနဲ့ ရာနှုန်းပြည့် နိုင်ထားတဲ့ စပိန်တို့ ထိပ်တိုက်ရင်ဆိုင်မယ့်ပွဲနဲ့ စတင်ဖို့ ရှိပါတယ် ။ စပိန်ဟာ ဒီပြိုင်ပွဲ အတွင်း အိမ်ရှင်နဲ့ အပြိုင် စွဲမက်ဖွယ်ကောင်းတဲ့ တိုက်စစ် ကစားဟန်ကို ပြသနေပါတယ် ။
အထူးသဖြင့် တောင်ပံတိုက်စစ်တွေဟာ စပိန်ရဲ့ အသက်သွေးကြောတွေ ဖြစ်ပြီး ၊ ဘယ်တောင်ပံမှာ ဘီလ်ဘာအို ကြယ်ပွင့် နီကို ဝီလီယမ်စ်နဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာတို့ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အတိုင်အဖောက် အချိတ်အဆက် မိနေတာကို တွေ့ရပါတယ် ။

မန်စီးတီး ကြယ်ပွင့် ၊ စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီကတော့ ဒီယူရိုမှာ အကောင်းဆုံး စာရင်းဝင် ဘယ်နောက်ခံလူ ဖြစ်နေတဲ့ ကူကူရယ်လာရဲ့ ခြေစွမ်း အဆင့်အတန်း အပေါ် အံ့အားသင့်မိကြောင်း စပိန် သတင်းဌာန El Partidazo De Cope နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဖွင့်ဟဝန်ခံလာပါတယ် ။
ရိုဒရီ က ” စပိန် အသင်းဖော်တွေ အကြောင်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကူကူရယ်လာ ဒီပြိုင်ပွဲ အတွင်း ပြသနေတဲ့ ခြေစွမ်း အဆင့်အတန်းကတော့ … ။ သူ့ကို ကျွန်တော် အရင်ကတည်းက သိပါတယ် ။ ဒါပေမယ့် ယူရိုမှာ သူ ပြသနေတဲ့ ခြေစွမ်းကို ကျွန်တော် ပြောချင်တာပါ ။ ”
” သူဟာ ကျွန်တော်တို့ကို အများကြီး ကူညီပေးနေပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်းအရပါ ။ သူ့မှာ ပင်ကိုဟန်လည်း ရှိပါတယ် ။ ဒါကို ကျွန်တော် အတော် သဘောကျနေပြီး ၊ သူ ဒီပုံစံအတိုင်း ဆက်လက် ပြသနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ရိုဒရီ က ၂၀၂၂ ကမ္ဘာ့ဖလားမှ စပိန်နဲ့ လက်ရှိ စပိန် အကြား ကွာခြားချက်နဲ့ ပတ်သက်ကာ ” ကျွန်တော်တို့ဟာ ပိုပြီး ဒေါင်ကျတဲ့ ၊ အင်အား ပိုကြီးတဲ့ ၊ ပိုပြီး ရှင်းလင်းပြတ်သားတဲ့ စပိန် အသင်းကို မြင်နေရတာပါ ။ အခုဆို ရင့်ကျက်မှု လိုအပ်တဲ့ အရမ်း ရှုပ်ထွေးမယ့် ပွဲတွေ ရောက်လာပါပြီ ။ တကယ် အဆုံးအဖြတ်ပေးမယ့် ပွဲတွေ ရောက်လာပြီလို့ ကျွန်တော် ထင်ပါတယ် ။ ”
” ကျွန်တော်တို့ အနေနဲ့ ရှေ့တလှမ်း တိုးရမှာ ဖြစ်ပြီး ၊ ဒီပွဲတွေမှာ ကျွန်တော်တို့ အစမ်းသပ်ခံရမှာပါ ။ ကျွန်တော်တို့ အခုထိ လုပ်ပြထားတာတွေက အရမ်းကောင်းပါတယ် ။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆို ဒီပြိုင်ပွဲက ထွက်ရရင်တော့ ဒါတွေက အကုန် အချည်းနှီး ဖြစ်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အဆုံးမှာ ရိုဒရီ က ပွဲကို လွှမ်းမိုးခြယ်လှယ်ပြီး ကစားတာချင်း တူတဲ့ မန်စီးတီးနဲ့ စပိန် အကြား ကွာဟချက်တွေနဲ့ ပတ်သက်ကာ ” အစချီရရင် အသင်းတွေဟာ နည်းပြနဲ့ သာမက ၊ တဦးချင်းကောင်းတဲ့ ကစားသမားတွေ စုဖွဲ့တည်ဆောက်ထားတာပါ ။ ဒီ၂သင်းရဲ့ ဖွဲ့စည်းပုံက ခပ်ဆင်ဆင် ဆိုပေမယ့် ၊ ကျွန်တော်ဟာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ရတာပါ ။ လည်ပတ်ပုံက အတော် ကွဲပြားခြားနားပါတယ် ။ ”

” ဘောလုံးကိုင်ကစားရတာ ၊ ရှေ့ကနေ press လုပ်ရတာတွေကတော့ တူပါတယ် ။ ဒါပေမယ့် တောင်ပံကစားသမား ၄ယောက်ရဲ့ one vs one အရည်အသွေးတွေက အများကြီးပါ ။ နောက်ပြီး ကျွန်တော်တို့ ကွင်းလယ်မှာ ကြံ့ခိုင်မှု အသားပေး ပိုကစားနိုင်တဲ့သူတွေရော ၊ နည်းစနစ် ပိုကျွမ်းကျင်တဲ့သူတွေပါ ရှိပါတယ် ။ ”
” အဆုံးမှာတော့ ကျွန်တော်တို့ဟာ ပြိုင်ဖက်က ခန့်မှန်းရခက်နိုင်တဲ့ ချဉ်းကပ်မှုမျိုး လုပ်နိုင်တဲ့ ကစားသမား အင်အား တရပ် ပိုင်ဆိုင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR