
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပိတ်သိမ်းအပြီး ရက်ပိုင်း အကြာမှာပဲ အာဂျင်တီးနား လူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲခဲ့ကာ ၊ လက်စတာကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီ လူမျိုး နည်းပြ အန်ဇို မာရက်စ်ကာကို နှစ်ရှည် စီမံကိန်းနဲ့ နည်းပြသစ် တာဝန် ပေးအပ်ခဲ့ပါတယ် ။
မာရက်စ်ကာဟာ ထိပ်တန်း ကလပ် တသင်းမှ တရားဝင် မကိုင်တွယ်ဖူးပေမယ့် ၊ မန်စီးတီး အကယ်ဒမီ အသင်းကို ကိုင်တွယ်ခဲ့ဖူးကာ ၊ ပက်ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ်လည်း အလုပ်လုပ်ခဲ့ဖူးပါတယ် ။

စီးတီးမှာ မာရက်စ်ကာနဲ့ အတူ အလုပ်လုပ်ဖူးတဲ့ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာ က Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ” ဟုတ်ပါတယ် ။ ဒါက ( စီးတီး အကယ်ဒမီမှာ မာရက်စ်ကာနဲ့ အတူ အလုပ်လုပ်ခဲ့ခြင်း ) အများကြီး အထောက်အကူပြုပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မန်နေဂျာသစ် တယောက်နဲ့ အစကနေ မိတ်ဆက်တာတွေ ၊ ပြောဆို ဆက်ဆံတာတွေ လုပ်စရာ မလိုတော့လို့ပါ ။ ”
” စီးတီးက ယူ၂၁ အသင်းမှာ ကျွန်တော် သူ့အကြောင်း သိထားပြီးသားပါ ။ သူနဲ့ အတူ ဘောလုံးရာသီ တခုကြာ အလုပ်လုပ်ခဲ့ဖူးပါတယ် ။ အဲဒီနောက် သူ အသင်းက ထွက်ခွာခဲ့ပြီး ၊ နောက်တော့ ပက်ဆီ လာရောက် ပူးပေါင်းခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ချဲလ်ဆီးမှ ကြေးကြီးပေး ခေါ်ယူထားတဲ့ ဆယ်ကျော်သက် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ အီကွေဒေါ စတား ကန်ဒရီ ပါယက်ဇ်နဲ့ ဘရာဇီး စတား အက်စ်တီဗောင် ဝီလီယံတို့ဟာ ကိုပါ အမေရိကနဲ့ ဘရာဇီး စီးရီးအေ ပွဲတွေမှာ ဂိုးသွင်းယူအပြီး ပါလ်မာရဲ့ အောင်ပွဲခံပုံ အတိုင်း အတုယူကာ အောင်ပွဲခံခဲ့ကြပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပါလ်မာ က ” ဟုတ်ပါတယ် ။ ကစားသမား အနည်းငယ် ဒီလိုမျိုး အောင်ပွဲခံတာ ကျွန်တော် တွေ့ခဲ့ပါတယ် ။ ချဲလ်ဆီးက ခေါ်ယူထားတဲ့ လူငယ် ၂ယောက် အဲလိုမျိုး အောင်ပွဲခံခဲ့တာပါ ။ နောက်ထပ် တခြား ကစားသမား တချို့ရောပေါ့ ။ ”
” ဒါက ပျော်ဖို့ကောင်းတယ် မဟုတ်လား ? အမှန်အတိုင်းပြောရရင် သူတို့ဟာ လာမယ့်နှစ်မှာ ကျွန်တော်တို့နဲ့ အတူ ကစားကြမှာဖြစ်လို့ ဒါက ကောင်းပါတယ် ။ သူတို့ ကျွန်တော့ဆီကနေ ဒီအောင်ပွဲခံပုံကို လုယူနေကြတာ မဟုတ်ပါဘူး ။ ကျွန်တော့အတိုင်း လိုက်လုပ်ရုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ယူရို ၂၀၂၄ အတွင်း အင်္ဂလန် အတွက် ပွဲထွက်ခွင့် လုံးဝ မရသေးတဲ့ ပါလ်မာဟာ စနေနေ့ညမှာ ကစားမယ့် ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲမှာ ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ရဖို့ တာစူနေပါတယ် ။ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်မှ ၎င်းကို အခုအထိ ပွဲထွက်ခွင့် မပေးသေးတဲ့ အပေါ် ပါလ်မာက အခုလို မှတ်ချက်ပေးလာပါတယ် ။

ပါလ်မာ က ” ကစားသမားတိုင်းလို ကျွန်တော်လည်း ပွဲထွက်ချင်တာ ရှင်းနေပါတယ် ။ ဒါပေမယ့် ပွဲထွက်ခွင့် မရရင် လူစားဝင်ခွင့်ကနေ တဆင့် နောက်ပွဲတွေမှာ ပွဲထွက်ခွင့် ရအောင် ကျွန်တော် လုံလုံလောက်လောက် ကြိုးစား ကစားရပါမယ် ။ သူ ( ဆောက်ဂိတ် ) အတွေးကြပ်အောင် ၊ ဆုံးဖြတ်ချက် ချနိုင်အောင် ကျွန်တော် လုပ်ရပါမယ် ။ ”
” လူစားဝင်ခွင့် ရတဲ့အချိန် ဘာတွေ ပစ်မှတ်ထားခဲ့လဲ ? တိုက်စစ်ဆင်တာပါ ။ ဒါက ကျွန်တော် ဘောလုံး ရတဲ့ အချိန်တိုင်း တွေးတဲ့ တခုတည်းသော အတွေးပါ ။ ဘောလုံး ခြေထဲ မရှိရင်တော့ နောက်ပြန်ဆင်းပြီး ခံစစ်ကို ကျွန်တော် ကူပေးပါတယ် ။ ဒါပေမယ့် ပထမဆုံး အရာကတော့ တိုက်စစ်ဆင်ဖို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR