
အင်္ဂလန်ဟာ ယနေ့ည ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲမှာ လက်ရှိ ချန်ပီယံ အီတလီကို ဖြုတ်ချလာတဲ့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်သွားဖို့ ရှိပါတယ် ။ ဒီမတိုင်ခင် အင်္ဂလန်ရဲ့ ပျမ်းမျှ စွမ်းဆောင်ရည်က မျှော်မှန်းထားတာထက် အတော်လေး နိမ့်ကျလျက် ရှိပါတယ် ။
အထူးသဖြင့် ဒိတ်ဒိတ်ကြဲ ပရီးမီးယားလိဂ်နဲ့ ဥရောပ ထိပ်တန်းလိဂ် တချို့မှာ ကစားနေတဲ့ စတားတွေ ရှိနေပေမယ့် ၊ ဒီယူရိုမှာ ဂိုးအနည်းငယ်သာ ရထားတဲ့ အင်္ဂလန်ရဲ့ တိုက်စစ် အပေါ် လူတွေက အဓိက ပစ်မှတ်ထား ဝေဖန်နေကြပါတယ် ။
ဒါ့အပြင် နည်းပြဖြစ်သူ ဂါရတ် ဆောက်ဂိတ်ရဲ့ ရိုးရှင်းလွန်းတဲ့ ၊ အပြောင်းအလဲ မရှိတဲ့ ပွဲထွက်စာရင်း ချဉ်းကပ်ပုံကလည်း အတော်လေး မေးခွန်းထုတ်စရာ ဖြစ်နေကာ ၊ ပြီးခဲ့တဲ့ ဆလိုဗက်ကီးယားနဲ့ ၁၆သင်း ရှုံးထွက်အဆင့် အပြီး ၎င်းအဖို့ ဖိအားတွေ ပိုမိုမြင့်မာလာနေပါတယ် ။

တောင်ပံတိုက်စစ်မှ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ်ပါလ်မာနဲ့ နယူးကာဆယ် ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန်တို့ဟာ ယူရို အတွင်း အခုအချိန်အထိ ပွဲထွက်ခွင့် လုံးဝ မရထားပဲ ၊ လူစားဝင်ခွင့် မိနစ် အနည်းငယ်နဲ့သာ ကျေနပ်ထားရပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိင်ကိန်းကတော့ ယင်းအင်္ဂလန်စတား ၂ဦး လက်ကျန် ယူရို ပြိုင်ပွဲမှာ ဘာကြောင့် ပွဲထုတ်မှာ မဟုတ်လဲ ဆိုတဲ့ အကြောင်း SkyBet ရဲ့ အစီအစဉ် တခုမှာ အခုလိုပဲ သုံးသပ်ရှင်းလင်းသွားပါတယ် ။
ရွိုင်ကိန်း က ” ကိုးလ်ပါလ်မာနဲ့ အန်သိုနီ ဂေါ်ဒွန်တို့နဲ့ ပတ်သက်လာရင် ဂါရတ် ဆောက်ဂိတ်ဟာ သူတို့ကို လူစားဝင် သုံးပြီး ပွဲအပေါ် တခုခု သက်ရောက်အောက် လုပ်ခိုင်းဖို့ ကစားသမားတွေ အဖြစ်နဲ့ပဲ မြင်ထားတာ ရှင်းနေပါတယ် ။ ”

” ယူရို ၂၀၂၄ အတွက် အချက်အလက် အတိအကျ ကျွန်တော် မသိပေမယ့် ၊ ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ ကစားသမား အများစု အတွက် ရှည်လျားတဲ့ ဘောလုံးရာသီ တခု ကျော်ဖြတ်ထားရတာကြောင့် ပွဲကို သက်ရောက်မှု တခုခု ဖြစ်အောင် လုပ်ပေးတဲ့သူတွေဆို ဒုတိယပိုင်းမှ လူစားဝင်တဲ့ ကစားသမားတွေက အများစု ဖြစ်နေတတ်ပါတယ် ။ ”
” ဆလိုဗက်ကီးယားနဲ့ ပွဲမှာ အိုင်ဗန် တိုနီ လူစားဝင်လာပြီး အင်္ဂလန်ရဲ့ နောက်ကျ ချေပဂိုးမှာ ပါဝင် ပတ်သက်ခဲ့သလိုမျိုးပေါ့ ။ ဆွစ်ဇာလန်နဲ့ ပွဲမှာ ဂေါ်ဒွန်ရော ပါလ်မာပါ ပွဲထွက်ခွင့် ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဘာလို့လဲဆိုတော့ ဆောက်ဂိတ်ဟာ သူတို့ကို ပွဲရဲ့ နောက်ပိုင်းမိနစ်တွေမှာမှ လူစားလဲသုံးချင်တာကြောင့်ပါ ။ အထူးသဖြင့် ဒါက ခန့်မှန်းရခက်တဲ့ ပွဲတပွဲ ဖြစ်နေတာကြောင့်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ရွိုင်ကိန်းက ကွာတားအဆင့်အထိ လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာတဲ့ အင်္ဂလန်ကို ဝေဖန်မယ့်အစား ၊ ဒီအဆင့်အထိ တက်အောင် စွမ်းဆောင်ထားတဲ့ အပေါ် ချီးကျူးသင့်ကြောင်းနဲ့ ကစားပုံ ရုပ်ဆိုးလည်း ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရင် ဘယ်သူမှ ဝေဖန်နေမှာ မဟုတ်ကြောင်း ကာကွယ်သွားပါတယ် ။

ရွိုင်ကိန်း က ” လူတွေဟာ အင်္ဂလန်ရဲ့ စွမ်းဆောင်ရည် အကြောင်း ဝေဖန်ပုတ်ခတ်နေတာတွေ ရပ်သင့်ပါပြီ ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီပြိုင်ပွဲမှာ ဆက်ရှိနေသေးလို့ပါ ။ ဒါက အရေးကြီးဆုံး အရာပါပဲ ။ ခင်ဗျားတို့ ကစားတာ ကောင်းနေပြီးတော့ ပြိုင်ပွဲက ထွက်ရတဲ့ အဖြစ်ကို စဉ်းစားကြည့်ပါဦး ။ ဒါဆို တုန့်ပြန်မှုတွေက ပိုဆိုးသွားပါလိမ့်မယ် ။ ”
” အင်္ဂလန်မှာ အခက်အခဲတွေ ကြားကနေ ကယ်ထုတ်ပေးနိုင်တဲ့ အံ့သြဖွယ် တိုက်စစ် ကစားသမားတွေ ရှိပါတယ် ။ ဒီပြိုင်ပွဲ မတိုင်ခင်ကတည်းက ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ် ဆိုတာ ကျွန်တော် ကြိုတွေးခဲ့ပြီးသားပါ ။ ”
” အင်္ဂလန်ရဲ့ ကစားပုံ တရစပ် ကောင်းနေတဲ့ အခိုက်အတန့် ကာလက အနည်းငယ် ကြာခဲ့ပြီ ဆိုပေမယ့် ၊ ခင်ဗျားဟာ အနိုင်ရတဲ့ဖက်မှာ ရှိနေသ၍ ဒီလို ရုန်းကန်နေရတာတွေက ကိစ္စ မရှိပါဘူး ။ အင်္ဂလန်ဟာ ဆီမီးဖိုင်နယ် သို့မဟုတ် ဖိုင်နယ်ကို ရုပ်ဆိုးဆိုး ကစားပြီး တက်သွားရင်တောင် ဘယ်သူမှ ဒါကို စောဒကတက်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR