
ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ကစားသမားသစ် ၄ဦး အထိ တရားဝင် ခေါ်ယူထားပြီး ဖြစ်သလို ၊ ဘဏ္ဍာရေး စည်းမျဉ်းနဲ့ မညိစွန်းစေဖို့ အတွက်လည်း ကစားသမား ရောင်းချမှု တချို့ လုပ်ထားပြီး ဖြစ်ပါတယ် ။
လွန်ခဲ့တဲ့ ၂နှစ်ကပဲ ချဲလ်ဆီးသို့ ရောက်ရှိလာတဲ့ တော့ဒ်ဘိုလီနဲ့ အမေရိကန် စီးပွားရှင်တွေဟာ အသင်းကို ပြောင်းလဲမှုများစွာ လုပ်ထားရာ ၊ လာမယ့် ဘောလုံးရာသီ မစတင်ခင်မှာ နောက်ထပ် အပြောင်းအလဲတွေ ဆက်လက် လုပ်ဆောင်နေပြီး ၊ ကစားသမား ရောင်းထုတ်မှုတွေလည်း ဆက်လက် လမ်းဖွင့်ထားတာကို တွေ့ရပါတယ် ။

ရာသီကြို ပြင်ဆင်မှုဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ စတင်ထားပြီး ၊ နိုင်ငံ လက်ရွေးစင် အသင်းတွေနဲ့ မပူးပေါင်းထားတဲ့ ကစားသမားတွေ ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာသို့ ရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။ ထိုအထဲမှာ ပြီးခဲ့တဲ့ တရာသီလုံးနီးနီး ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပန်းခဲ့ရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။
စီနီယာ အသင်းသားတွေထဲက တဦး ဖြစ်တဲ့ ချေဝဲလ်ဟာ ချဲလ်ဆီးမှာ အနာဂတ် မသေချာသေးပဲ ရောင်းထုတ်ခံရနိုင်ခြေ ရှိနေပါသေးတယ် ။ ၎င်းရဲ့ အနာဂတ်ဟာ မာရက်စ်ကာ အပေါ် မူတည်နေပြီး ၊ ချဲလ်ဆီး နောက်ခံလူဟောင်း ဝိန်းဘရစ်ချ်ကတော့ ယင်းအင်္ဂလန်သားကို ဆက်ထိန်းဖို့ အသင်းဟောင်းထံ တိုက်တွန်းသွားပါတယ် ။
BetFred နဲ့ တွေ့ဆုံရာမှာ ဝိန်းဘရစ်ချ် က ” ကျွန်တော်ကတော့ သူ့ကို ဆက်ထိန်းဖို့ ကြိုးစားမှာပါ ။ သူဟာ ချဲလ်ဆီး အတွက် ပွဲအများကြီး လွဲချော်ခဲ့တယ် ဆိုပေမယ့် ၊ သူသာ ကြံ့ခိုင်မှု ပြည့်နေအောင် နေနိုင်ရင် ၊ ခင်ဗျား သူ့ကို ဘာလို့ ရှင်းထုတ်မလဲ ဆိုတာ ကျွန်တော် နားမလည်ပါဘူး ။ နောက်ကွယ်က ကျွန်တော်တို့ မသိတဲ့ အကြောင်းအရင်း တခုခု ရှိတဲ့ အနေအထားက လွဲရင်ပေါ့ ။ ”

” ဘန်မှာ အရည်အချင်းများစွာ ရှိပြီး ၊ ကြံ့ခိုင်မှု ပြည့်အောင်သာ နေနိုင်ရင် ကိုယ့်ကိုယ်ကို သက်သေပြနိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ယုံကြည်နေပါတယ် ။ မန်နေဂျာက သူနဲ့ ပတ်သက်ပြီး မသေမချာ ဖြစ်နေရင် ၊ သူ့ကိုယ်သူ သက်သေပြမှ ရပါလိမ့်မယ် ။ ”
” ဒါပေမယ့် ကစားသမား တယောက်ကြောင့် မန်နေဂျာ အပေါ် တစုံတယောက်ကို ကန်ထုတ်ရလောက်အောင် အထိ ခေါင်းမာစေတာထက်စာရင် အတွေးပြောင်းသွားစေတာက ပိုဖြစ်တတ်ပါတယ် ။ ဘန်သာ ခြေစွမ်းကောင်းနေရင် ၊ ချဲလ်ဆီးမှာ ဆက်လက် ကျန်ရစ်ဖို့ အခွင့်အရေး ရှိနေဆဲပါ ။ ”
” ဈေးကွက်ထဲမှာ တကယ်ကောင်းတဲ့ ဘယ်နောက်ခံလူ အများကြီး မရှိနေပါဘူး ။ ဘန်က အရည်အချင်းရှိတဲ့ ဘယ်နောက်ခံလူ တယောက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဝိန်းဘရစ်ချ်က အကယ်၍ ချေဝဲလ်သာ အသင်းပြောင်းသွားခဲ့ရင် ချဲလ်ဆီးတို့ ဘယ်နောက်ခံလူသစ် ခေါ်သင့်မသင့် အခုလိုပဲ တုန့်ပြန်လာပါတယ် ။
ဘရစ်ချ် က ” ခေါ်သင့်တယ်လို့ ထင်ပါတယ် ။ မာ့ခ် ( ကူကူရယ်လာ ) ဟာ ဘရိုက်တန်မှာ အမှန်တကယ် ခြေစွမ်းကောင်းခဲ့ပြီး ၊ စပိန်မှာလည်း အိုကေတဲ့ စွမ်းဆောင်ရည် ပြသနေပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးမှာတော့ သူ့အတွက် အဲလောက်ကြီး အလုပ်မဖြစ်နေပါဘူး ။ ”

” ကလပ် အသင်းသစ်ဆီ ပြောင်းရွှေ့တဲ့အခါ ခင်ဗျား အရင်က စွမ်းဆောင်ပြဖူးတဲ့ ပုံစံ အတိုင်း ကစားဖို့ ခက်ပါတယ် ။ ခင်ဗျားဟာ မတူညီတဲ့ ကစားကွက်တွေမှာ ၊ မတူညီတဲ့ အသင်းသားတွေနဲ့ တွဲကစားရပါတယ် ။ ကလပ် တသင်း အတွက် ခင်ဗျား တကယ် ခြေစွမ်းပြခဲ့တယ် ဆိုရုံနဲ့ နောက်တသင်းမှာ တန်းပြီး အံဝင်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ”
” ဒီလို ပုံစံမျိုး အမြဲ ဖြစ်မနေပါဘူး ။ ကျွန်တော့ ဆုံးဖြတ်ချက်သာဆိုရင်တော့ ဒီ၂ယောက်ထဲက ဘန်ချေဝဲလ်ကိုပဲ ဆက်ထိန်းဖြစ်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR