
ချဲလ်ဆီး အသင်းဟာ အမေရိကန် ပိုင်ရှင်တွေရဲ့ လက်အောက်မှာ စီနီယာကျပြီး ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမား အများအပြားကို ရှင်းထုတ်ထားကာ ၊ လူငယ် ကြယ်ပွင့်တွေကို နှစ်ရှည်စီမံကိန်းနဲ့ ခေါ်ယူ အားဖြည့်တဲ့ ပေါ်လစီသို့ ပြောင်းလဲကျင့်သုံးလျက်ရှိပါတယ် ။
ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ခြင်္သေ့ပြာတို့ဟာ ဝါရင့် ကစားသမား အများအပြား ထွက်ခွာခွင့် ပေးခဲ့ကာ ၊ ထိုအထဲမှာ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ကန်တေဟာ ချဲလ်ဆီးက ထွက်ခွာပြီးနောက် ၊ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်အစ်တီဟတ်မှာ ကစားလျက်ရှိပါတယ် ။

သို့ပေမယ့် ကန်တေရဲ့ ခြေစွမ်းဟာ ကျမသွားပဲ ၊ ဥရောပ ထိပ်တန်း အဆင့် ရှိသေးတယ်ဆိုတာ ၊ ယူရို ၂၀၂၄ ပြိုင်ပွဲ အတွင်းက လောလောလတ်လတ် စွမ်းဆောင်ရည်တွေကို ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ် ။
ချဲလ်ဆီးနဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူးဟောင်း ဖရန့် လီဘို့ဖ်က ကန်တေလို ထိပ်တန်း အဆင့် ရှိသေးတဲ့ ဝါရင့် ကစားသမားတွေကို ထွက်ခွာခွင့် ပေးခဲ့ခြင်း အတွက် အမေရိကန် ပိုင်ရှင်တွေကို အပြစ်တင်ရင်း ၊ လူငယ် ကစားသမားတွေကို ခေါ်ယူခြင်းဟာ ခြင်္သေ့ပြာတို့ကို တည်ငြိမ်မှု ပျက်ပြားစေတယ်လို့ ယူဆနေပါတယ် ။
Boyle Sport နဲ့ တွေ့ဆုံရာမှာ လီဘို့ဖ် က ” ချဲလ်ဆီး ကစားသမားဟောင်း တယောက် အနေနဲ့ ကျွန်တော် စိတ်ပျက်မိပါတယ် ။ ကျွန်တော်ဟာ ကိုယ်ကစားခဲ့တဲ့ အသင်းဟောင်း အားလုံးကို အခုထိ စောင့်ကြည့်နေဆဲပါ ။ အထူးသဖြင့် ချဲလ်ဆီးပေါ့ ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကျွန်တော်နဲ့ ပရိသတ်တွေ အကြား စပါယ်ရှယ် အမှတ်တရတွေ ရှိခဲ့လို့ပါ ။ ”
” အခုတော့ ကျွန်တော့ရဲ့ စိတ်ပျက်မှုတွေက ဒေါသ အသွင်ဆီ ပြောင်းသွားပါပြီ ။ ချဲလ်ဆီးဟာ နည်းပြ ပြောင်းထားပေမယ့် ၊ သူတို့ဟာ အတွေးအခေါ်တွေ မပြောင်းသေးပါဘူး ။ ကျွန်တော် တတ်နိုင်သလောက်တော့ ကြားနေ အဖြစ်နဲ့ သုံးသပ်ဖို့ပဲ ကြိုးစားတာပါ ။ မန်ယူနိုက်တက်နဲ့ ကစားရင်တောင်မှပေါ့ ။ ”
” ဒါပေမယ့် ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ဆန်ဖို့ လိုပါတယ် ။ ချဲလ်ဆီးဟာ ဘောလုံးကလပ် တသင်း အနေနဲ့ အလုပ်ဖြစ်အောင် မလည်ပတ်ထားနိုင်သေးပါဘူး ။ အခုဆို ကျွန်တော်တို့ဟာ တခြား ကလပ်တွေ အတွက် နှိမ်ချင်စရာ အသင်း တသင်း ဖြစ်လာပါပြီ ။ ”
” ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ နေနေတာပါ ။ အနာဂတ်မှာ မဟုတ်ပါဘူး ။ ပရိသတ်တွေဟာ ရလဒ်ကောင်းတွေကို အလိုရှိကြပါတယ် ။ ကျွန်တော်လည်း ရလဒ်ကောင်းတွေကို လိုချင်ပါတယ် ။ နောက်လေးနှစ်လောက်ကြာမှ ဒါတွေကို ကျွန်တော် မလိုချင်ပါဘူး ။ ”

” ကျွန်တော်တို့ အနေနဲ့ ကျောရိုးဒေါက်တိုင် ကစားသမားတွေကို ခေါ်ဖို့ လိုပါတယ် ။ ယူရိုမှာ အန်ဂိုလို ကန်တေ လုပ်ပြခဲ့တာကို ကြည့်ပါ ။ ဒီလို ကစားသမားတွေကို ကျွန်တော်တို့ ရှင်းထုတ်ခဲ့တာ ရှက်ဖို့ကောင်းပါတယ် ။ ဘာတည်ငြိမ်မှုမှ မရှိနေသလို ၊ အခုဆို သီယာဂို ဆေးလ်ဗားကိုလည်း ကျွန်တော်တို့ ရှင်းထုတ်လိုက်ပါပြီ ။ သူဟာ ကျွန်တော်တို့ရဲ့ တဦးတည်းသော အတွေ့အကြုံရင့် နောက်ခံလူပါ ။ ”
” ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိပေမယ့် ၊ သူတို့ဟာ အသက် အရမ်းငယ်လွန်းပါတယ် ။ ငယ်ရွယ်မှုနဲ့ အတွေ့အကြုံရင့်ကျက်မှုက အချိုးကျကျ ပေါင်းစပ်ထားဖို့ လိုပြီး ၊ ကျွန်တော်တို့မှာ ဒါမျိုး ရှိမနေပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ဟာ ခြေစွမ်းကောင်းနေရင်တောင်မှ ၊ ၁၅မိနစ်လောက်ကြာရင် ခြေစွမ်းက ဆိုးရွားသွားတတ်တာပါ ။ ဒါက ပုံမှန်ဓလေ့ တခုလို ဖြစ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR