
အင်္ဂလန် အသင်း ရဲ့ အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီ က လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ အင်္ဂလန် အသင်းဟာ စပိန် အသင်းကို အနိုင်ယူပြီး ဗိုလ်စွဲ နိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့်နဲ့ ပြောကြား လိုက်ပါတယ် ။

ယူရို ပြိုင်ပွဲ အစမှာ အထနှေး ခဲ့ပြီး ဝေဖန်မှုတွေ အများအပြား နဲ့ ရင်ဆိုင် ခဲ့ရတဲ့ အင်္ဂလန် အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ နယ်သာလန် အသင်းကို အနိုင်ယူပြီး ယူရို ပြိုင်ပွဲ နှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်လှမ်း နိုင်ခဲ့ပါတယ်။ ဘာလင် ကစားမယ့် ဗိုလ်လုပွဲ ဟာ အင်္ဂလန် အတွက်တော့ ပြည်ပ မှာ ကစားရမယ့် ပထမဆုံး အဓိက ဆုဖလား ပြိုင်ပွဲ ဗိုလ်လုပွဲလည်း ဖြစ်ပါတယ် ။
ဗိုလ်လုပွဲ မှာ အင်္ဂလန် အသင်း ရင်ဆိုင် ကစားရမယ့် စပိန် အသင်းဟာ ဒီနှစ် ပြိုင်ပွဲ ရဲ့ အကောင်းဆုံး အသင်း ဖြစ်ပြီး ပွဲစဉ်အားလုံးကို အနိုင် ကစားထားတဲ့ အသင်းပါ ။ ဒါပေမဲ့ ရွန်းနီ ကတော့ နယ်သာလန် နဲ့ ပွဲမှာ ပြသခဲ့တဲ့ အင်္ဂလန် အသင်း ရဲ့ စွမ်းဆောင်ရည်ကို အားရ ကျေနပ်နေပြီး စပိန် နဲ့ ပွဲမှာလည်း သမိုင်းဝင် အောင်ပွဲ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

ရွန်းနီ က The Olive Press မှာ ” အင်္ဂလန် အသင်း စပိန် ကို ၂-၁ နဲ့ နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ နယ်သာလန် အသင်း နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပွဲမှာ အင်္ဂလန် အသင်း ကစားတာ အတော်လေး ကောင်းခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင် ရခဲ့ပါတယ် ။ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ ၊ ကွင်းထဲမှာလည်း အရည်အသွေးမြင့် လူငယ်တွေ အပြည့် ဖြစ်နေပါလိမ့်မယ် ၊ ပွဲကောင်း တစ်ပွဲ ဖြစ်မှာ သေချာပါတယ် ၊ ဂိုးလည်း မပြတ်ဘဲ အင်္ဂလန် အသင်း ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့ အနိုင် ရသွားပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM