
ချဲလ်ဆီး အသင်းဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် လူငယ် ကြယ်ပွင့် အမြောက်အမြား ခေါ်ယူခဲ့ပြီး ၊ hit & miss ဖြစ်ခဲ့တာတွေလည်း ဒုနဲ့ဒေး ရှိခဲ့ပါတယ် ။ ထိုအထဲမှာ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ပေးခဲ့ရတဲ့ တန်ကြေးနဲ့ မထိုက်တန်ဆုံး အဖြစ် ရပ်တည်နေတယ်လို့ သတ်မှတ်ရနိုင်ပါတယ် ။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီဈေးကွက် အတွင်း ရှက်တာဒိုးနက်စ် အသင်းကနေ အပိုဆုကြေး အပါအဝင် ယူရိုသန်း ၁၀၀နဲ့ ချဲလ်ဆီးသို့ ရောက်ရှိလာခဲ့တဲ့ မူဒရစ်ဟာ တနှစ်ခွဲကျော် ကြာလာတဲ့ အချိန် အထိ ခြင်္သေ့ပြာတို့နဲ့ အံဝင်မှု မရှိသေးတာကို တွေ့ရပါတယ် ။

နည်းပြဟောင်း ၃ဦး ဖြစ်တဲ့ ဂရေဟမ် ပေါ်တာ ၊ ဖရန့် လမ်းပတ် ၊ မော်ရစ်စီယို ပိုချက်တီနိုတို့ရဲ့ လက်အောက်မှာ မူဒရစ်ဟာ ခြေပေါ်ခဲ့တဲ့ ပွဲတွေထက် ၊ ခြေစွမ်း နုံချာခဲ့တဲ့ ပွဲတွေက ပိုများခဲ့ပါတယ် ။ လာမယ့် ရာသီမှာမှ ခြေစွမ်း မပြနိုင်ရင်တော့ မူဒရစ်ဟာ ချဲလ်ဆီးတို့ အတွက် အကြီးအကျယ် အရှုံးပေါ်တဲ့ ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ပါတယ် ။
ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ သူ့အမြင်မှာ မူဒရစ်ဟာ ပေါင်တသန်းနဲ့ပင် ခေါ်ယူဖို့ မထိုက်တန်တော့တဲ့ အနေအထား အထိ ရောက်ရှိနေကြောင်း ဝေဖန်သုံးသပ်ရင်း ၊ ၎င်းနေရာ အတွက် မဖြစ်မနေ အစားထိုးဖို့ကိုလည်း အသင်းဟောင်းထံ အခုလိုပဲ တိုက်တွန်းသွားပါတယ် ။
Boyle Sport နဲ့ တွေ့ဆုံရာမှာ လီဘို့ဖ် က ” မူဒရစ်မှာ ဘာတန်ကြေးမှ မရှိတော့ပါဘူး ။ သူဟာ အရှုံးပေါ်ခဲ့တဲ့ ခေါ်ယူမှု တရပ် ဖြစ်ပြီး ၊ ချဲလ်ဆီးဟာ သူ့ဆီကနေ ဘာအမြတ်မှ ရမှာ မဟုတ်ပါဘူး ။ သူ့ရဲ့ အရည်အချင်းတွေက အစိမ်းသက်သက် ဖြစ်လွန်းပါတယ် ။ သူဟာ မန်နေဂျာ အများကြီးရဲ့ လက်အောက်မှာ ဘာမှ ထွေထူးပြီး ပိုမကောင်းလာခဲ့ပါဘူး ။ ”

” သူ့ဆီမှာ ဘာတိုးတက်မှုမှ မရှိပါဘူး ။ ဘယ်သူက မူဒရစ်ကို ခေါ်ချင်မှာလဲ ? ကျွန်တော်ဆို သူ့ကို ၁၀သန်း ပေးပြီးတောင် ခေါ်မှာ မဟုတ်ပါဘူး ။ တကယ်ဆို ကျွန်တော် သူ့ကို ပေါင်တသန်းနဲ့တောင် ဝယ်မှာ မဟုတ်ပါဘူး ။ ”
” ဘာထုတ်လုပ်မှုမှ မရှိတဲ့ ကစားသမား တယောက်ကို ခင်ဗျား ဘာလို့ ငွေကုန်ကျခံပြီး ခေါ်မှာလဲ ? သူဟာ ချဲလ်ဆီးကို ရောက်လာခဲ့တာ ၁၈လ ကြာခဲ့ပြီး ၊ သူ့ရဲ့ နေရပ် ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် သူ့အတွက် အခြေအနေတွေက ခက်ခဲနေတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော် မြင်တွေ့ထားသမျှကို ကြည့်ပြီး အကဲဖြတ်ရရင်တော့ ချဲလ်ဆီးဟာ မူဒရစ်ကို ခေါ်လိုက်မိလို့ ဂျင်းထည့်ခံခဲ့ရမှာကို စိုးရိမ်ပါတယ် ။ သူတို့ သူ့နေရာမှာ မဖြစ်မနေ အစားထိုးရပါမယ် ။ ”
” ၁၉၉၆တုန်းက ကျွန်တော့ကို ချဲလ်ဆီးက ပေါင် ၂သန်းနဲ့ ဝယ်ခဲ့ပါတယ် ။ ဒါက အရမ်းများနေပြီလို့တောင် ကျွန်တော် ထင်ခဲ့တာပါ ။ မူဒရစ်ကို ပေါင်သန်း ၇၀ အထိ ပေးပြီး ခေါ်တာက တော်တော် ရူးလောက်စရာကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR