
မနက်ဖြန်ည ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ၊ ယူရို ၂၀၂၄ ဗိုလ်လုပွဲ အဖြစ် ဥရောပ ဘောလုံး အင်အားကြီး ၂နိုင်ငံ ဖြစ်တဲ့ အင်္ဂလန်နဲ့ စပိန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ် ။ စပိန်ဟာ ဒီပြိုင်ပွဲ တလျှောက် ရာနှုန်းပြည့် နိုင်ထားပြီး ၊ အင်္ဂလန်ကတော့ ရှုံးပွဲ မရှိသေးပါဘူး ။
ဒီပွဲမတိုင်ခင် စပိန် လက်ရွေးစင် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာက ဒီပြိုင်ပွဲမှာ တပွဲမှ ပွဲမထွက်ရသေးပေမယ့် ၊ လူစားဝင်ခွင့်တွေကနေ ခြေစွမ်းပြထားတဲ့ သူ့ရဲ့ ချဲလ်ဆီး အသင်းဖော် အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာ တယောက် အရန်ခုံမှာပဲ ဆက်ထိုင်ရဖို့ မျှော်လင့်ကြောင်း Mundo Deportivo သတင်းဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ကူကူရယ်လာ က ” ကျွန်တော် သူနဲ့ စကားပြောခဲ့ပါသေးတယ် ။ ဒါပေမယ့် ဒါက ရှေ့တပတ်ကျော်ကျော်လောက်ကပါ ။ ရှေ့အဆင့်တွေတုန်းကပဲ ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ကြတာပါ ။ ကျွန်တော့ အတွက်တော့ သူ ဖိုင်နယ်မှာ မကစားရပဲ ၊ အရန်ခုံပဲ ထိုင်နေရရင် ပိုတောင်မှ ကောင်းပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
လက်ရှိ စပိန် အသင်းဟာ အင်္ဂလိပ် ဘောလုံးလောကနဲ့ ထိတွေ့ဆက်စပ်မှု ရှိတဲ့ စတား တချို့ ရှိပြီး ၊ ကူကူရယ်လာနဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီတို့ကတော့ ထိုအထဲမှာ လက်ရှိ ပရီးမီးယားလိဂ် စတားတွေ အဖြစ် စပိန်ရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် ရနေကြသူတွေ ဖြစ်ပါတယ် ။
စပိန် လက်ရွေးစင် နည်းပြ ဒီလာဖွမ်တေက ၎င်းကို အင်္ဂလန် ဘောလုံး အကြောင်း မေးမြန်းမှု ရှိမရှိနဲ့ ပတ်သက်ပြီး ကူကူရယ်လာ က ” ဒီနေ့မှာ ကျွန်တော်တို့ ဒီအကြောင်း ပထမ အကြိမ် ဆွေးနွေးမှု လုပ်ခဲ့ပါတယ် ။ ဒါပေမယ့် သူ့မှာ ရိုဒရီ ရှိပါတယ် ။ သူဟာ ကျွန်တော့ထက်စာရင် အင်္ဂလန် ဘောလုံးလောက အကြောင်း ပိုပြီး နှံ့စပ်မှု ရှိပါတယ် ။ ”

” သူ့မှာ သံသယတွေ ရှိခဲ့ရင် ကျွန်တော်တို့ဖက်က အမြင်တွေ ချပြပေးလို့ ရပါတယ် ။ ရှေ့က ကစားခဲ့တဲ့ ပွဲတွေတုန်းကလိုပဲ ကျွန်တော်တို့ ဒီဖိုင်နယ်ကို ချဉ်းကပ်သွားမှာပါ ။ ကျွန်တော်တို့သာ အကောင်းဆုံး ခြေစွမ်း အဆင့်အတန်းမှာ ရှိနေရင် ဖလားရဖို့ အခွင့်အရေး တရပ် ပိုင်ဆိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲမှာ အိမ်ရှင် ဂျာမနီ ပရိသတ် အများအပြားရဲ့ ပစ်မှတ်ထား Boo လုပ်ခြင်းကို ခံခဲ့ရပါတယ် ။ အကြောင်းကတော့ ဂျာမနီနဲ့ ကွာတားဖိုင်နယ်ပွဲမှ ၎င်းရဲ့ ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံးနဲ့ လက်ထိခဲ့ခြင်းက ပင်နယ်တီ အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရတာကြောင့် ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ကူကူရယ်လာ က ” အစကတော့ ဒါကို နည်းနည်း အံ့အားသင့်ခဲ့မိပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တကယ် နားမလည်ခဲ့လို့ပါ ။ ဒါပေမယ့် ကျွန်တော် ခပ်မြန်မြန်ပဲ ပွဲကြည့်စင်ဖက် ကြည့်လိုက်တော့ အဖြူရောင် ဂျာစီ ဝတ်ထားကြသူ အများကြီးကို မြင်ခဲ့ရပါတယ် ။ အဲဒီတော့မှ ကျွန်တော် ဒါကို နားလည်ခဲ့ပါတယ် ။ ”
” ယူရို ဆီမီးဖိုင်နယ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရဖို့ ငွေသုံးခဲ့ပြီးမှ အခုလိုမျိုး သူတို့ Boo လုပ်ခဲ့ကြပါတယ် ။ သူတို့ဟာ ဒီလက်မှတ်တွေကို ပွဲအပေါ် နှစ်နှစ်ခြိုက်ခြိုက် ခံစားကြည့်ရှုမယ့် သူတွေဆီ ပေးလိုက်ခဲ့ပါတယ် ။ အရေးကြီးတဲ့ အရာက ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်သွားပါပြီ ။ ကျွန်တော့ကို ဒေါသထွက်ခဲ့ကြတဲ့သူတွေလည်း အိမ်မှာပဲ ဒီပွဲကို ကြည့်ကြမယ် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR