Sports Myanmar

ယူရို ၂၀၂၄ မှာ အထူး ခြေစွမ်းပြခဲ့တဲ့ ချဲလ်ဆီး စတားဟာ ပရိသတ် တချို့ရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရဖူးတယ်လို့ သုံးသပ်လာတဲ့ ရီယိုဖာဒီနန်

ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညကပဲ ပြီးဆုံးသွားပြီး ဖြစ်ရာ ၊ ဗိုလ်လုပွဲမှာ စပိန်က အင်္ဂလန်ကို ၂ – ၁ နဲ့ အနိုင်ရကာ ၊ ဗိုလ်စွဲသွားပါတယ် ။ စပိန်ဟာ ဒီပွဲမှာ သာမက ၊ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး အသင်း ဖြစ်ခဲ့ပြီး ၊ ထိုက်ထိုက်တန်တန် ချန်ပီယံ ဖြစ်ခဲ့တယ်လို့ သတ်မှတ်နိုင်ပါတယ် ။

ဖိုင်နယ်မှာလည်း ၎င်းတို့ဟာ အင်္ဂလန်ကို ၂ – ၁ ရလဒ်ထက်ပင် ပိုပြတ်သားနိုင်ခဲ့သင့်ပြီး ၊ အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် လက်စွမ်းပြခဲ့လို့သာ ၊ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ် ။ အကောင်းဆုံး တဦးချင်းဆု ၂ဆုကိုလည်း စပိန်က လူငယ် ကြယ်ပွင့် ယာမဲလ်နဲ့ အားထားရတဲ့ ကွင်းလယ်လူ ရိုဒရီတို့က ဆွတ်ခူးခဲ့ပါတယ် ။

တဖက်မှာ ပြိုင်ပွဲ မစခင်က စပိန်ရဲ့ အဓိက အသင်းသား တယောက် ဖြစ်မလာဘူးလို့ လူအများက ထင်ထားခဲ့ကြတဲ့ ကစားသမား တဦး ရှိပြီး ၊ သူကတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာပဲ ဖြစ်ပါတယ် ။ ၎င်းကြောင့် စပိန်ဟာ ယူရိုမှာ ဗိုလ်စွဲဖို့ မရှိဘူးလို့ပင် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ခန့်မှန်းခဲ့ဖူးပါတယ် ။

သို့ပေမယ့် ကူကူရယ်လာဟာ သူ့အပေါ် သံသယဝင်တဲ့သူတွေကို ပြိုင်ပွဲတလျှောက် အကောင်းဆုံး သက်သေပြသွားခဲ့ပါတယ် ။ သရဲနီ ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးမှာ ပရိသတ် တချို့ရဲ့ လှောင်ပြောင်မှုကိုပင် ခံခဲ့ရကြောင်း အခုလို သုံးသပ်လာပါတယ် ။

ကိုယ်ပိုင် YouTube ချန်နယ် FIVE မှတဆင့် ဖာဒီနန် က ” အကောင်းဆုံး အသင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့တာပါ ။ အဲဒီ အသင်းက စပိန်ပါပဲ ။ စပိန်ကို ဂုဏ်ပြုပါတယ် ။ ယာမဲလ်ကိုလည်း ချီးကျူးရပါမယ် ။ သူဟာ ပြိုင်ပွဲ စစချင်းမှာ အသက် ၁၆နှစ်ပဲ ရှိခဲ့ပြီး ၊ ဆုဖလား မြှောက်တဲ့အချိန် ၁၇နှစ် ပြည့်ခဲ့ပါတယ် ။ ဒါက ရူးလောက်စရာပါ ။ ”

” ဒီလောက်ထိ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီပြိုင်ပွဲမှာ စွမ်းဆောင်ပြခဲ့တဲ့ မှတ်တမ်းက ချိုးဖျက်ခြင်း ခံရပါ့မလား ? နီကို ဝီလီယမ်စ် ၊ ဒန်နီ အော်လ်မိုနဲ့ ရိုဒရီ အပြင် ကူကူရယ်လာကိုလည်း စပါယ်ရှယ် ဂုဏ်ပြုပြီး ချီးကျူးရပါမယ် ။ သူဟာ တချို့သော ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ ကျရှုံးမှု ၊ flop ကစားသမား တယောက်လို့ အပြောခံ ၊ သတ်မှတ်ခံခဲ့ရပါတယ် ။ ဒီပြိုင်ပွဲမှာတော့ သူဟာ အကောင်းဆုံး ဘယ်နောက်ခံလူပါပဲ ။ ကြီးကျယ်တဲ့ ပင်ကိုဟန် ၊ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ၊ ဒီဖလားကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်နိုင်ခဲ့သလို ၊ အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

BBC Sports ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာလည်း ဖာဒီနန်က ကူကူရယ်လာ စပိန် အတွက် ခြေစွမ်းပြနိုင်ခဲ့ခြင်းကို ဟယ်ရီကိန်း အင်္ဂလန် အတွက် ခြေစွမ်းမပြနိုင်ခဲ့ခြင်းနဲ့ အခုလို နှိုင်းယှဉ် သုံးသပ်သွားပါတယ် ။

ဖာဒီနန် က ” ခင်ဗျားဟာ ကိုယ်နဲ့ လိုက်ဖက်မယ့် အကောင်းဆုံး အသင်းကို အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်မယ့် ကစားသမားတွေနဲ့ ခြံရံရပါမယ် ။ ကျွန်တော် ခင်ဗျားတို့ကို ဥပမာကောင်း ၂ခု ပေးချင်ပါတယ် ။ ပထမ တယောက်က ဟယ်ရီကိန်းပါ ။ သူဟာ ဘိုင်ယန်မှာ ဂိုး၄၀ကျော် သွင်းခဲ့ပေမယ့် ၊ သူနဲ့ နည်းစနစ် မလိုက်ဖက်တဲ့ အသင်းမှာ အထောင်တိုက်စစ် နေရာကို တာဝန်ယူခဲ့ရပါတယ် ။ ”

” ဒီပြိုင်ပွဲမှာ သူ ဘယ်လောက်ထိ ကောင်းခဲ့တယ် ၊ ဆိုးခဲ့တယ် ဆိုတဲ့ အကြောင်း ခင်ဗျားတို့ ပြောနိုင်ပါပြီ ။ ဒါပေမယ့် ခင်ဗျားဟာ ကစားသမားတွေရဲ့ အားသာတဲ့ နေရာမှာ အသုံးပြုရမှာပါ ။ ချဲလ်ဆီးမှာ ပရိသတ် တချို့ဆီကနေ လှောင်ပြောင်ခြင်းကို ခံခဲ့ရတဲ့ ကူကူရယ်လာဖက် လှည့်လိုက်ကြပါစို့ ။ ”

” သူဟာ ဒီကို ရောက်လာပြီး ၊ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် ကစားပြသွားခဲ့တာပါ ။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူ့ရဲ့ အားသာချက်တွေကို အသုံးချပြီး ၊ သူနဲ့ လိုက်ဖက်တဲ့ နေရာမှာ ပုံဖော် အသုံးပြုသွားလို့ပါ ။ ဒါက ဒီပြိုင်ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ကစားသမား ၂ယောက် အကြား ကြီးမားတဲ့ ကွာခြားချက် တရပ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar