
ဂယ်ရီလိုင်နီကာက အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အနေနဲ့ အင်္ဂလန် နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ဂါရက်ဆောက်ဂိတ်ရဲ့ နေရာမှာ လီဗာပူး နည်းပြဟောင်း ဖြစ်သူ ယာဂန်ကလော့ကို ခန့်အပ်နိုင်ရန် အစွမ်းကုန် ကြိုးစား သင့်တယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။ အင်္ဂလန်တို့ စပိန်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ ယူရိုဖိုင်နယ် အပြီး ရက်ပိုင်းမှာပဲ ဝေဖန်မှုတွေ ပြင်းထန်စွာ ခံနေရတဲ့ ဆောက်ဂိတ်ဟာ The Three Lions နည်းပြရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက် ၅၃ နှစ်ရွယ် နည်းပြဟာ အင်္ဂလန်ကို ဖိုင်နယ် ၂ ကြိမ် ပို့ဆောင်ပေးခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံး အရေးနိမ့်ခဲ့ကာ အင်္ဂလန် အနေနဲ့ လွန်ခဲ့တဲ့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဆုဖလားနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဆောက်ဂိတ် နည်းပြရာထူးကနေ ထွက်ခွာသွားပြီးနောက် လိုင်နီကာက ဒါဟာ အင်္ဂလန်တို့ အပြောင်းအလဲ လုပ်ရမယ့် အသင့်တော်ဆုံး အချိန်ဖြစ်ပြီး FA အနေနဲ့ ကလော့ကို ပထမဦးစားပေး ပစ်မှတ် အဖြစ် ခေါ်ယူရန် ကြိုးပမ်းသင့်တယ်လို့ ဆိုလိုက်ပါတယ်။
လိုင်နီကာက “အခုဆိုရင် အင်္ဂလန် အနေနဲ့ မော်ဒန်ခေတ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး တိုက်စစ် အသားပေး ကစားတဲ့ နည်းပြ တစ်ဦးကို ခန့်အပ်ဖို့ အချိန် ဖြစ်ပါတယ်။ အကယ်၍ နည်းပြက တအားကို ခံစစ် အသားပေးတဲ့သူ ဆိုရင် ဒီ Game မှာ အောင်မြင်မှု ရဖို့ အတွက် အလှမ်းဝေးနေအုံးမယ်လို့ ကျနော် ထင်ပါတယ်။

အင်္ဂလန် လူမျိုးတွေ ကတော့ ဂရေဟမ်ပေါ်တာ အက်ဒီဟောင်း ဖရန့်လမ်းပတ် တို့ကို ခန့်အပ်စေချင်မှာပါ။ ဒါပေမယ့် အခုချိန်မှာ free agent ဖြစ်နေတဲ့ ယာဂန်ကလော့လို နည်းပြမျိုးကို ဘာကြောင့် ခေါ်ယူဖို့ မကြိုးပမ်းတာလဲ?” လို့ ဆိုလိုက်ပါတယ်။
ကလော့ဟာ ပြီးခဲ့တဲ့ရာသီကုန်က လီဗာပူးကနေ ထွက်ခွာကာ ဘောလုံးလောက ကနေ ၁ နှစ် အနားယူသွားမယ်လို့ ပြောထားခဲ့ပါတယ်။ BBC ရဲ့ Co-hots တွေ ဖြစ်တဲ့ အလန်ရှီးယားရား ကတော့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကို အင်္ဂလန် မန်နေဂျာ အဖြစ် မြင်တွေ့ချင်နေပြီး မီကာရစ်ချက်ကတော့ ပက်ဂွာဒီယိုလာလို့ ပြောခဲ့ပါတယ။်

လိုင်နီကာက “ကျနော်တို့ အားလုံးကို ပက်ကို နှစ်သက်ပါတယ်။ ဒါပေမယ့် ကလော့ဟာ ဒီအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ သူ အနည်းငယ် ထပ်အနားယူဖို့လည်း ရှိပါတယ်။ ကလပ် မန်နေဂျာတွေဟာ ငွေကြေး အမြောက်အမြား ပေးရတာပါ။ ကျနော်ကတော့ အက်ဖ်အေ အနေနဲ့ ဒီလောက် ငွေသုံးလိမ့်မယ်လို့ မထင်မိပါဘူး။”