
ယမန်နေ့ကပဲ ဂါရတ် ဆောက်ဂိတ်ဟာ သူ ဆယ်စုနှစ် တခုနီးနီး ကိုင်တွယ်လာတဲ့ အင်္ဂလန် လက်ရွေးစင် နည်းပြ ရာထူးကနေ နုတ်ထွက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ၎င်းထွက်ခွာမှုနဲ့ အတူ နည်းပြသစ် ရာထူးနဲ့ ပတ်သက်ပြီး ခန့်မှန်းမှုတွေ ၊ ဘွတ်ကီတွေရဲ့ အလေးပေးမှုတွေလည်း ထွက်ပေါ်လာပါတယ် ။
အင်္ဂလန် နည်းပြသစ် ရာထူး အတွက် ရေပန်းစားနေတဲ့ အထဲ လီဗာပူး နည်းပြဟောင်း ယာဂင် ကလော့ပ် ၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီး နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို အပြင် လက်ရှိ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာတို့လို ဒိတ်ဒိတ်ကြဲ ထိပ်တန်း နည်းပြတွေ ပါဝင်နေပါတယ် ။

အင်္ဂလိပ်လူမျိုး နည်းပြတွေထဲမှာတော့ လက်ရှိ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းက အင်္ဂလန် နည်းပြသစ် ဖြစ်လာဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ် ။ လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ အက်ဒီဟောင်းသာ အင်္ဂလန် နည်းပြသစ် ရာထူးနဲ့ အသင့်လျော်ဆုံး ဖြစ်ကြောင်း သုံးသပ်ရင်း ၊ တိုင်းတပါး နည်းပြတွေနဲ့ အင်္ဂလန်နဲ့ လိုက်ဖက်မှု မရှိကြောင်း ထင်မြင်ချက်ပေးသွားပါတယ် ။
The Telegraph ရဲ့ ဆောင်းပါး တပုဒ်မှာ ကာရေဂါ က ” ပရိသတ်တွေနဲ့ ဝေဖန်သုံးသပ်သူ တော်တော်များများ ကလပ်အဆင့်နဲ့ နိုင်ငံ လက်ရွေးစင် အဆင့် အကြားက ကြီးမားတဲ့ ကွာခြားချက်တွေကို သတိပြုဖို့ ပျက်ကွက်နေတဲ့ အပေါ် ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်ပါဘူး ။ ”

” နိုင်ငံ လက်ရွေးစင် မန်နေဂျာတွေက ကစားဟန် တူညီတဲ့ ကစားသမားတွေကို လိုချင်တဲ့ နည်းစနစ်တွေမှာ ၊ နေ့စဉ် လေ့ကျင့်ပေးကာ ၊ လနဲ့ချီ ၊ နှစ်နဲ့ချီ အလုပ်လုပ်ခွင့် ရနေကြပြီးမှ ပြိုင်ပွဲတွေ စတင်တာနဲ့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ ကျွန်တော်တို့ နေနေကြသလိုပါပဲ ။ ”
” ကလော့ပ် သို့မဟုတ် ဂွာဒီယိုလာတို့တောင် နိုင်ငံ လက်ရွေးစင် အဆင့်မှာ ကလပ်အဆင့်က တူညီတဲ့ ကစားပုံစတိုင်လ်နဲ့ ရလဒ်တွေ စွမ်းဆောင်ပေးနိုင်မယ်လို့ အာမမခံပေးနိုင်ပါဘူး ။ ဖာဘီယို ကာပယ်လိုကို ခေါ်ပြီး စမ်းသပ်ခဲ့ဖူးတဲ့ဆီကနေ ကျွန်တော်တို့ ဘာမှ မသင်ယူနိုင်ခဲ့ဘူးလား ? ”
” တိုင်းတပါး နည်းပြ တယောက်ကို ခေါ်ခန့်တဲ့ အိုင်ဒီယာကိုလည်း ကျွန်တော် ဆန့်ကျင်ပါတယ် ။ ဒါက ကျွန်တော် တိုင်းတပါး နည်းပြတွေကို အလိုမရှိတာတို့ ၊ သူတို့က အင်္ဂလန် အပေါ်မှာ ဆိုးရွားတဲ့ လွှမ်းမိုးမှုတွေ ရှိစေတယ်လို့ မဆိုလိုပါဘူး ။ ”
” ကျွန်တော် ယုံကြည်ထားတာက နိုင်ငံ လက်ရွေးစင် အဆင့်ဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးနဲ့ ပြိုင်ဖက်တွေရဲ့ အကောင်းဆုံး ယှဉ်ပြိုင်ရခြင်းပါ ။ ကျွန်တော်တို့ဟာ ထိပ်တန်း အဆင့် ဘောလုံး နိုင်ငံ တနိုင်ငံ ဖြစ်ပြီး ၊ ဒီအသင်းက တခြား နေရာကို လိုက်မကြည့်သင့်ပါဘူး ။ ”

” အမျိုးသမီး အသင်းမှာ ဝိုက်ဂ်မန်း အောင်မြင်နေတာက သူမဟာ နိုင်ငံလက်ရွေးစင် အဆင့်မှာ အောင်မြင်ပြီးသားမို့ပါ ။ ဂွာဒီယိုလာ ၊ ကလော့ပ်နဲ့ မော်ရစ်စီယို ပိုချက်တီနိုတို့ဟာ ကလပ်အဆင့်က မှတ်တမ်းတွေကြောင့် အခုလို အင်္ဂလန် နည်းပြသစ် ရာထူး အတွက် ရေပန်းစားနေကြတာပါ ။ ”
” ဂါရတ် ဆောက်ဂိတ်ရဲ့ နေရာမှာ အစားထိုးဖို့ သိသာထင်ရှားနေတဲ့ နည်းပြ တဦး ရှိပါတယ် ။ သူကတော့ အက်ဒီဟောင်းပဲ ဖြစ်ရပါမယ် ။ ကျွန်တော့ အတွက်တော့ သူဟာ ဒီရာထူး အတွက် ထိပ်ဆုံးကနေ ပြေးနေတာပါ ။ ဟောင်းဟာ ကလပ်အဆင့်မှာလည်း ထူးချွန်အဆင့် တခု ရှိထားပါတယ် ။ ”
” သူဟာ ဘုန်းမောက်မှာ အံ့သြဖွယ် စွမ်းဆောင်ပြခဲ့ပြီး ၊ စိန့်ဂျိမ်းစ်ပါ့ခ်မှာလည်း ကြီးကျယ်တဲ့ အရာတွေ လုပ်ပြထားပါတယ် ။ သူ ကိုင်တွယ်တဲ့ အသင်းတေဟာ တိုက်စစ် အသားပေး ကစားတတ်ပါတယ် ။ ဆောက်ဂိတ်လိုပဲ သူဟာ မီဒီယာတွေကို ကိုင်တွယ်နေရာမှာ ပါးနပ်မှု ရှိပြီး ၊ တိုင်းပြည် အတွက် ကြီးကျယ်တဲ့ ကိုယ်စားပြု သံတမန် တဦး ဖြစ်နိုင်ပါတယ် ။ ”
” ဟောင်းဟာ မန်နေဂျာကောင်း တဦး ဖြစ်ကြောင်း သက်သေပြထားပြီး ဖြစ်လို့ ၊ လူငယ် ကစားသမားတွေကလည်း သူ့ကို ကောင်းကောင်းမွန်မွန် တုန့်ပြန်ပါလိမ့်မယ် ။ အင်္ဂလန် နည်းပြ ရာထူးက သူ့အတွက် အမြင့်မားဆုံးသော ရည်မှန်းချက် ဖြစ်ကြောင်း ထုတ်ပြောဖူးပါတယ် ။ ဒီတော့ စိတ်ခံစားချက် သံယောဇဉ်ကြိုးတွေက ရှိနှင့်နေပါပြီ ။ ”

” ပြဿနာက သူ ဘယ်အချိန်မှ နယူးကာဆယ်ကနေ ထွက်ဖို့ ဆုံးဖြတ်မှာလဲ ဆိုတာပါ ။ အင်္ဂလန် နည်းပြသစ် ရာထူး ကမ်းလှမ်းခံထားရရင်တော့ သူ့အတွက် စဉ်းစားဖို့ အများကြီး ရှိပါလိမ့်မယ် ။ သူ့ကို မကမ်းလှမ်းခဲ့ဖူးဆိုရင် ကျွန်တော် ကြိတ်မနိုင် ခဲမရ ဖြစ်မိမှာပါ ။ တခြား ရေပန်းစားနေတဲ့သူတွေက အင်္ဂလန် နည်းပြ အလုပ်နဲ့ နီးနီးစပ်စပ် အံမဝင်နေပါဘူး ။ ” လို့ ရေးသားခဲ့ပါတယ် ။
SPORTS MYANMAR