Sports Myanmar

အန်ဇို ဖာနန်ဒက်ဇ်ရဲ့ လူမျိုးရေး ခွဲခြားမှု ပါဝင်ခဲ့တဲ့ အောင်ပွဲခံ ဗီဒီယိုနဲ့ ပတ်သက်ပြီး မက်ဆီ အနေနဲ့ တောင်းပန်သွားဖို့ ဆော်သြလိုက်တဲ့ အာဂျင်တီးနား အစိုးရ အဖွဲ့ဝင် တဦး

 

ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ ရှေ့ဆင့်နောက်ဆင့် ကိုပါအမေရိက ချန်ပီယံ ဖြစ်လာတဲ့ အာဂျင်တီးနား အသင်းဟာ အောင်ပွဲခံလာခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ ပြိုင်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြင်သစ် အသင်းရဲ့ အာဖရိကန်နွယ်ဖွား ကစားသမားတွေကို ပစ်မှတ်ထားတဲ့ စကားလုံးတွေနဲ့ သီချင်း လုပ်ဆို အောင်ပွဲခံသွားခဲ့ပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ဟာ ယင်းအောင်ပွဲခံခဲ့တဲ့ ဗီဒီယိုကို ၎င်းရဲ့ ကိုယ်ပိုင် အင်စတာဂရမ်မှတဆင့် တိုက်ရိုက် Live Stream လုပ်ခဲ့ပြီး ၊ မထင်မှတ်ထားလောက်တဲ့အထိ လူပြောများခဲ့ကာ ၊ ဒီဗီဒီယိုက ချဲလ်ဆီးမှ ပြင်သစ် ကစားသမားတွေကိုလည်း အကြီးအကျယ် ဒေါသပုန်ထစေခဲ့ပါတယ် ။

ချဲလ်ဆီးရဲ့ ပြင်သစ် ကြယ်ပွင့်တွေဟာ ဒီဗီဒီယို အွန်လိုင်းပေါ်သို့ ပျံ့နှံ့သွားအပြီး မကြာခင်မှာပဲ အန်ဇို ဖာနန်ဒက်ဇ်ကို unfollow လုပ်သွားခဲ့ကြပါတယ် ။ ရာသီကြို ပြင်ဆင်မှု အစီအစဉ်မှာ ပူးပေါင်း ပါဝင်နေပြီ ဖြစ်တဲ့ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာဆိုရင် ၂၀၂၄ ခုနှစ် ရောက်နေချိန်မှာပင် ဒီလို လူမျိုးရေး ခွဲခြားမှုတွေ ရှိနေဆဲ ဖြစ်ကြောင်း Story မှတဆင့် တုန့်ပြန်သွားပါတယ် ။

အန်ဇိုဟာ ဒီအခြင်းအရာ အပြီး ဆိုရှယ်မီဒီယာမှတဆင့် တရားဝင် တောင်းပန်စကား ရေးသားသွားသလို ၊ မီဒီယာ တချို့ရဲ့ အဆိုအရ ကလပ်မှ ပြင်သစ် အသင်းဖော်တွေကိုလည်း တဦးချင်းစီ တောင်းပန်ပြီး ဖြစ်ကြောင်း သိရပါတယ် ။ ချဲလ်ဆီးဖက်ကတော့ ဒါနဲ့ ပတ်သက်ပြီး မနေ့ကပဲ တရားဝင် Statement ထုတ်ပြန်ခဲ့ပါတယ် ။

တဖက်မှာ အခုလို လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေနဲ့ ပြောဆို အောင်ပွဲခံခဲ့တဲ့ အထဲမှာ အန်ဇို တဦးတည်းသာမက အခြားသော အာဂျင်တီးနား အသင်းသားတွေလည်း ပါဝင်နေတာကြောင့် နိုင်ငံအဆင့် အထိ သက်ရောက်မှုတွေ ရှိနေပါတယ် ။

အာဂျင်တီးနားရဲ့ အားကစား ဝန်ကြီးဌာန အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဟူလီယို ဂါရိုကတော့ အန်ဇိုရဲ့ ဗီဒီယိုနဲ့ ပတ်သက်ကာ ၊ အသင်းခေါင်းဆောင် ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ၊ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူတွေ အနေနဲ့ တရားဝင် တောင်းပန်မှု လုပ်သင့်ကြောင်း ဆော်သြသွားပါတယ် ။

ဂါရို က ” နိုင်ငံ လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင်ဟာ ဒီအခြေအနေ အတွက် ရှေ့ထွက်ပြီး တောင်းပန်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ထိုနည်းတူပါပဲ ။ ဒါက သင့်လျော်တယ်လို့ ထင်ပါတယ် ။ ”

” ဒါဟာ ကျွန်တော်တို့ကို နိုင်ငံ တနိုင်ငံ အနေနဲ့ အောင်မြင်မှု အများကြီး ရနေရာကနေ ဆိုးရွားတဲ့ အခြေအနေ တရပ်ဆီ တွန်းပို့လိုက်တဲ့ အရာ တခုပါပဲ ။ ဒါပေမယ့် တောင်းပန်လိုက်ခြင်းအားဖြင့် ဒါကို စံပြဥပမာ တရပ် အဖြစ်နဲ့ ယူဆောင်သွားနိုင်မှာက အရမ်းကောင်းပြီး ၊ ကျွန်တော်တို့ နိုင်ငံမှာရော ၊ ကမ္ဘာပေါ်မှာပါ ဒါမျိုး ကိစ္စတွေ အများကြီး ဖြစ်ပျက်ပြီးသားပါ ။ ”

” ဒီလို ကိစ္စရပ်တွေဟာ နေ့စဉ် လူနေမှုဘဝ ၊ ကျောင်းတွေ ၊ ကလပ်တွေမှာ ပိုပြီး ဖြစ်ပျက်တတ်ပေမယ့် ၊ ကြီးကျယ်တဲ့ ဘောလုံး ပြိုင်ပွဲ အဆင့်တွေ အထိတော့ မရောက်ခဲ့ပါဘူး ။ အမှား တရပ် ကျူးလွန်ထားချိန် ဘောလုံးက ဒါကို ခွင့်လွှတ်မှု အတွက် တောင်းဆိုပေးဖို့ ၊ လူ့အသိုင်းအဝိုင်းက ဒီအပေါ် မြင်ပေးဖို့ ဒါက အခွင့်အရေး တခုလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

သို့ပေမယ့် ဂါရိုက သူဟာ မက်ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ ကိုယ်တိုင် သွားပြောထားခြင်း မရှိကြောင်းတော့ ၎င်းရဲ့ တွစ်တာ အကောင့်မှတဆင့် အခုလို ဖြေရှင်းထားပါတယ် ။

ဂါရို က ” မက်ဆီကို ဒါနဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ ပြောခဲ့တဲ့ အကြောင်း ကျွန်တော် သီးသန့် ငြင်းဆိုခဲ့ပါတယ် ။ ဒီလို သွားပြောခြင်းဟာ ကျွန်တော်တို့ နိုင်ငံကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ သူ့ရဲ့ အရည်အချင်းတွေနဲ့ အမြဲတမ်း ဂုဏ်ယူရအောင် လုပ်ပေးထားတဲ့ ပုဂ္ဂိုလ် တဦး အပေါ် မလေးမစား လုပ်ရာကျပါတယ် ။ ” လို့ ရေးသားသွားပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar