
၂၇.၇.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၄ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း၌ ဟွာဝေးကဲ့သို့ပင် အပြိုင်အဆိုင် ပေါ်ပေါက်လာသည့် အခြားသောလက်ကိုင်ဖုန်းများကြောင့် Apple ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၏ လူကြိုက်များ အရောင်းရအသွက်ဆုံး စမတ်ဖုန်းကုမ္ပဏီငါးခုတွင် ဆက်လက်ပါဝင်ရပ်တည်နိုင်ခြင်းမရှိတော့ကြောင်း ကမ္ဘာ့နည်းပညာဈေးကွက်လေ့လာရေး လုပ်ငန်းအဖွဲ့အစည်း Canalys ၏ အစီရင်ခံစာ တစ်စောင်ကဖော်ပြခဲ့သည်။
Apple ကုမ္ပဏီ၏ ရောင်းအားက တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၏ ဒုတိယသုံးလပတ်အတွင်း၌ စမတ်ဖုန်းဈေးကွက်၏ ၁၄ ရာခိုင်နှုန်းသာရှိတော့သည်။ ၎င်းက ပထမသုံးလပတ်အတွင်း ၁၅ ရာခိုင်နှုန်းရှိရာမှ ကျဆင်းလာခြင်းဖြစ်သလို ၂၀၂၃ ခုနှစ် အလားတူကာလက ၁၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ကျဆင်းလာခြင်းလည်း ဖြစ်ကြောင်း Canalys ၏ အစီရင်ခံစာတွင်ဇူလိုင် ၂၅ ရက်ကဖော်ပြခဲ့သည်။
နာမည်ကျော် iPhone ထုတ်လုပ်သူလည်းဖြစ်သော Apple ကုမ္ပဏီက ၂၀၂၃ ခုနှစ်အတွင်း ဒုတိယသုံးလပတ်ကာလ၌ တရုတ်နိုင်ငံတွင် တတိယအများဆုံးရောင်းချရသော စမတ်ဖုန်းကုမ္ပဏီအဖြစ် ရှိခဲ့သည်။ သိုသော် ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင်မူ iPhone အနေဖြင့် အရောင်းရအများဆုံး စမတ်ဖုန်းကုမ္ပဏီ ငါးခုတွင် မပါဝင်နိုင်တော့ဘဲ ဆဋ္ဌမနေရာသို့ ရောက်ခဲ့ရသည်။ ဈေးကွက်အတွင်း အရောင်းရအများဆုံး စမတ်ဖုန်းကုမ္ပဏီငါးခုနေရာတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းကုမ္ပဏီများကသာ လွှမ်းမိုးနိုင်ခဲ့ခြင်းက ၂၀၂၄ ခုနှစ်၏ ဒုတိယသုံးလပတ်မှာ ပထမဆုံးဖြစ်ကြောင်းလည်း Catalys အစီရင်ခံစာကဖော်ပြခဲ့သည်။
Catalys ၏သုတေသနပညာရှင်တစ်ဦးဖြစ်သည့် လူးကတ်စ် ဇွန်က တရုတ်ပြည်တွင်းစမတ်ဖုန်းကုမ္ပဏီများအနေဖြင့် နည်းပညာမြင့်မားမှုအတွက် မဟာဗျူဟာများချမှတ်ဆောင်ရွက်လာမှုနှင့် စမတ်ဖုန်းများ၏ စက်ပိုင်းဆိုင်ရာပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာဆော့ဖ်ဝဲညွှန်ကြားချက်များအတွက်ပါ နက်နက်ရှိုင်းရှိုင်း ညှိနှိုင်းဆောင်ရွက်လာကြကြောင်း၊ ထို့ပြင် တရုတ်ပြည်တွင်းလုပ်စမတ်ဖုန်းများတွင် ဉာဏ်ရည်တုနည်းပညာကိုပါ အသုံးချလာကြကြောင်းပြောခဲ့သည်။
တစ်ဖက်တွင်မူ Apple ကုမ္ပဏီမှာ ၎င်းအနေဖြင့် လက်လီဈေးနှုန်းများတည်ငြိမ်ရန်နှင့် သုံးစွဲသူလက်သို့ ရောက်ရှိချိန်၌ မူရင်းဈေးမှ ကွာဟမှုမရှိစေရေးတို့ကို ကာကွယ်ဆောင်ရွက်နေခြင်းက လုပ်ငန်းတိုးတက်မှုနှောင့်နှေးနေရသည်ဟုဆိုနိုင်သည်။
၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် Vivo က တရုတ်နိုင်ငံအတွင်း အရောင်းဈေးကွက်၏ ၁၉ ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှရှိကာ Oppo က ဒုတိယနေရာ၊ Honor က တတိယနေရာ ၊ Huawei ကစတုတ္ထနေရာနှင့် Xiaomi ကပဉ္စမနေရာတို့တွင် အသီးသီးရှိနေကြကြောင်း သိရသည်။
Ref- CNBC
