Myanmar Transparency News

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကိုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ် သတိပေး

၆.၁၁.၂၀၂၆
Written by Linn Eain

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကိုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၅ ရက် သတိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တရားဝင်ငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ် Website တွင် နေ့စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိသဖြင့် Money Changer များတွင်လည်းကောင်း၊ ဘဏ်နှင့် Customer များအကြားတွင်လည်းကောင်း ဝယ်ယူရောင်းချခြင်းများအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထုတ်ပြန်ထားသော နိုင်ငံခြားငွေလဲလှယ်နှုန်းများဖြင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကြေးများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ကိုဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါကလည်းကောင်း၊ သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခြင်း၊ ရောင်းချခြင်းမပြုပါကလည်းကောင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုကိုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နေ့စဉ် နိုင်ငံတော်အတွက် လိုအပ်သောကုန်စည်များအတွက် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့ကို FX Online Trading Platform တွင် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များသို့ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website နှင့် နေ့စဉ်နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဧပြီမှ ယနေ့အထိ FX Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂,၂၂၁.၂)သန်း၊ တရုတ်ယွမ် (၁,၉၀၇.၁) သန်း၊ ထိုင်းဘတ်(၆,၇၁၂.၈)သန်း၊ အိန္ဒိယရူပီး (၇၄.၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များ သို့ ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များတင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁,၇၀၃)သန်းခန့်အား ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Myanmar Transparency News