
ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲမှာ ဆဲလ်တစ် အသင်းကို ၁ – ၄ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရပါတယ် ။ ဒါဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ဒုတိယမြောက် ပွဲဖြစ်ပေမယ့် ၊ စောစောစီးစီး အရှုံးနဲ့ ထိပ်တိုက် တွေ့လိုက်ရတာလည်း ဖြစ်ပါတယ် ။
ရက်စ်ဟမ်းနဲ့ အဖွင့် ခြေစမ်းပွဲမှာကတည်းက ချဲလ်ဆီးတို့ ရှုံးလုနီးနီး ဖြစ်ခဲ့ပေမယ့် ၊ ကံကောင်းစွာနဲ့ သရေကျခဲ့တာတောင် မာရက်စ်ကာ အဖွင့်မဆိုးခဲ့တာ ဖြစ်ပါတယ် ။ ဆဲလ်တစ်နဲ့ ပွဲမှာတော့ ၎င်းရဲ့ နည်းစနစ်တွေ အလုပ်မဖြစ်နေတာ ပိုပြီး ပေါ်လွင်လာပြီး ၊ ရာသီမစခင်ကတည်းက ယင်းအီတလီသား အပေါ် မေးခွန်းထုတ်စရာတွေ မြင့်တက်နေပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက ဂိုးပြတ်ရှုံးခဲ့တာတောင် ၎င်းတို့ဟာ ရက်စ်ဟမ်းနဲ့ ပွဲကထက် ဘောလုံး ကစားပုံ ၁၀ဆကောင်းခဲ့ကြောင်း ဖွင့်ဟခဲ့ပေမယ့် ၊ ခြေထဲ ဘောလုံး မရှိတဲ့အချိန်မှာတော့ တိုးတက်မှုများစွာ လိုအပ်နေသေးကြောင်း ဝန်ခံလာပါတယ် ။
မာရက်စ်ကာ က ” ရှေ့ပွဲမှာတုန်းက ပြောခဲ့သလို ၊ ရလဒ်က အမြဲ အရေးကြီးပါတယ် ။ ကျွန်တော်တို့ အတွက် ယေဘူယျအားဖြင့် ပွဲကို ခြုံငုံ သုံးသပ်ဖို့ လိုပါတယ် ။ ခြေထဲ ဘောလုံး ရှိနေတဲ့အချိန် ဒီနေ့ အသင်းဟာ ရက်စ်ဟမ်းနဲ့ ပွဲကထက် ၁၀ဆလောက် ပိုကောင်းခဲ့ပါတယ် ။ ”
” ဒါက အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်း အတွင်း ဖန်တီးခဲ့တဲ့ အခွင့်အရေး ပမာဏကို ကျွန်တော်တို့ မြင်တွေ့နိုင်ခဲ့လို့ပါ ။ ဘောလုံး ခြေထဲ မရှိတဲ့အချိန်မှာတော့ ကျွန်တော်တို့မှာ တိုးတက်စရာ အများကြီး ရှိနေသလို ၊ ရံဖန်ရံခါ ကျွန်တော်တို့ဟာ အတိုပေးရမယ့်အချိန်တွေ ၊ အဝေးဘော နည်းနည်းပါးပါး ဖြန့်ရမယ့် အချိန်တွေမှာ ဇဝေဇဝါ ဖြစ်ခဲ့ပါတယ် ။ ”

” ဒါက ဖြစ်စဉ်ရဲ့ တစိတ်တပိုင်းပါပဲ ။ ကျွန်တော်တို့ ဒီနေ့ ဆိုးဆိုးရွားရွား လုပ်ဆောင်ခဲ့တဲ့ အရာ တခုက ဘောလုံး ဖိအားအောက် မကျတဲ့အချိန် high line ခံစစ်ကို ဆက်ထိန်းနေခဲ့ခြင်းပါ ။ အဲလို အခြေအနေမျိုးတွေမှာ ခင်ဗျားဟာ ခံစစ်ကို ဆင်းဖို့ လိုပါတယ် ။ ”
” ကျွန်တော်တို့ဟာ ဘောလုံး ခြေထဲမရှိတဲ့အချိန် တချို့အရာတွေမှာ ကြောင်နေတုန်းပါပဲ ။ ကျွန်တော့ အတွက်တော့ လောလောဆယ်မှာ ဒါက ပုံမှန်ပါပဲ ။ ကျွန်တော်တို့ဟာ အသစ်အဆန်း တခုခုကို လုပ်ဆောင်ဖို့ ကြိုးစားနေတာပါ ။ ဒါပေမယ့် သေချာတာတော့ တပွဲပြီး တပွဲ ၊ ထရိန်နင် တခုပြီး တခု ဖြတ်သန်းပြီးတာနဲ့ ကျွန်တော်တို့ အဆင်သင့်ဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ဆဲလ်တစ်ဟာ ချဲလ်ဆီးနဲ့ မရင်ဆိုင်မီ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို ၄ – ၃ နဲ့ အနိုင်ယူခဲ့သလို ၊ ယနေ့မနက်က ဂိုးပြတ်နိုင်ပွဲကြောင့် ရာသီသစ် အတွက် အသင့်ဖြစ်နေပြီ ဆိုတာ ပြသနိုင်ခဲ့ပါတယ် ။ မာရက်စ်ကာကတော့ ယင်းစကော့တလန် ကလပ်ဟာ ရာသီသစ် အတွက် ကြံ့ခိုင်မှု ပြည့်နေတာကြောင့် ၎င်းတို့ကို အနိုင်ရခဲ့တာလို့ ဆင်ခြေပေးခဲ့ပါတယ် ။

မာရက်စ်ကာ က ” သိထားရမယ့် အရေးကြီးတဲ့ အရာ တခုက ဒီနေ့ပွဲမှာ ပြိုင်ဖက် အသင်းနဲ့ ကျွန်တော်တို့ အကြားက အဓိက ကွာဟသွားတဲ့ ကြံ့ခိုင်မှု အခြေအနေပါပဲ ။ သူတို့ဟာ ခြေစမ်းပွဲ ၃ ၊ ၄ပွဲလောက် ကစားထားပြီးပါပြီ ။ မကြာခင်မှာ သူတို့ရဲ့ ဘောလုံးရာသီက စတင်တော့မှာပါ ။ ”
” ကျွန်တော်တို့ကျတော့ ခင်ဗျားတို့ မြင်တွေ့ခဲ့ရတဲ့အတိုင်း ကြံ့ခိုင်မှု အရ အနည်းငယ် ရုန်းကန်နေရဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR