Sports Myanmar

ဆဲလ်တစ်နဲ့ ခြေစမ်းပွဲအပြီး ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ အနာဂတ် အကြောင်း တုန့်ပြန်ရင်း ၊ အသစ်စက်စက် ခြင်္သေ့ပြာ စတား ၂ဦးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီး အသင်းဟာ လက်ရှိ အမေရိကန် ခြေစမ်း ခရီးစဉ်သို့ လူငယ် ကစားသမား တချို့ကို ခေါ်ဆောင်လာခဲ့ကာ ၊ ထိုအထဲမှာ ဘာစီလိုနာကနေ ပေါင် ၅သန်းနဲ့ ခေါ်ယူထားတဲ့ စပိန် ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂီယူးလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

လောလောဆယ် ခြေစမ်းပွဲ ၂ပွဲ ကစားထားပြီးချိန် ဂီယူးဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အဓိက ပွဲထွက် ကစားသမား တဦး အဖြစ် ရပ်တည်နေပြီး ၊ ဂိုးမသွင်းနိုင်သေးပေမယ့် ၊ ၂ပွဲလုံးမှာ သတိထားမိလောက်စရာ ကြိုးစားအားထုတ်မှုတွေ ပြသခဲ့ပါတယ် ။

ဒီမတိုင်ခင်က ယင်းစပိန်သားကို ဆီဗီလာသို့ အငှားချနိုင်ကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် ၊ လက်ရှိ ချဲလ်ဆီး အထောင်တိုက်စစ်မှာ နီကိုးလက်စ် ဂျက်ဆင် ကြံ့ခိုင်မှု မပြည့်သေးချိန် ၊ ၎င်းကိုပဲ ဆက်လက် အသုံးပြုရမယ့်ပုံ ပေါ်နေပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာ က ဂီယူးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ” အခုအချိန်မှာ မာ့ခ်နဲ့ ပတ်သက်ပြီး စီစဉ်ထားတာက တခြား လူငယ် ကစားသမားတွေ အားလုံးလိုပဲ ရာသီကြို ပြင်ဆင် ဖြတ်သန်းဖို့ ဖြစ်ပါတယ် ။ ပြီးမှ သူတို့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် အတူတကွ ချသွားမှာပါ ။ ”

” မာ့ခ်ဟာ လက်ရှိ ခြေစမ်း ခရီးစဉ်မှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြထားပြီး ၊ သူဟာ လောလောဆယ် ကျွန်တော်တို့နဲ့ အတူ ဆက်နေသွားဦးမှာ ဖြစ်သလို ၊ ဘယ်မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ မနေ့က တရက်တည်းမှာပဲ ဗီလာရီးရဲလ် ဂိုးသမား ဖိလစ် ယော်ဂင်ဆန်နဲ့ ဘိုကာဂျူနီယာ ဘယ်နောက်ခံလူ အန်ဆယ်မီနိုတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း နာမည်ကြီး ဂျာနယ်လစ်တွေက အတည်ပြုခဲ့ပါတယ် ။

ဒီစတား ၂ဦးနဲ့ ပတ်သက်ပြီး မာရက်စ်ကာ က ” သူတို့ ၂ဦးနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောနိုင်တဲ့ တခုတည်းသော အရာက သူတို့ဟာ ဘိုကာဂျူနီယာနဲ့ ဗီလာရီးရဲလ် ကစားသမားတွေ အဖြစ် ရှိနေဆဲပါ ။ သူတို့ တရားဝင် ပြောင်းလာတဲ့ အချိန်မှာ ကျွန်တော်တို့ မှတ်ချက် တချို့ ပေးသွားမှာပါ ။ ”

” လောလောဆယ်တော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကစားသမားတွေ မဟုတ်ကြပါဘူး ။ ကျွန်တော် သူတို့ ၂ယောက်လုံးကို သိပါတယ် ။ ၂ယောက်လုံး တော်ကြပါတယ် ။ ဒီတော့ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားဖို့ ရှိပြီး ၊ ခြေစမ်းပွဲ ၂ပွဲအပြီး ရလဒ် ၊ စွမ်းဆောင်ရည် အတိုင်းဆိုရင်တော့ အခြေအနေ ဘယ်လိုမှ မဟန်နေတာ သိသာနေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး မာရက်စ်ကာ က ” သေချာတာတော့ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ အတွက် အသင့် ဖြစ်နေပါလိမ့်မယ် ။ အနည်းဆုံးတော့ အဲဒီပွဲ အတွက် ကျွန်တော်တို့ တိုးတက်လာဦးမှာပါ ။ ဒါပေမယ့် ရာသီ အဖွင့်ပွဲ အကြောင်း ကျွန်တော် မစဉ်းစားသေးပါဘူး ။ ဒါက နည်းနည်းတော့ ခက်ခဲပါတယ် ။ ”

” ရလဒ်က အမြဲ အရေးကြီးပေမယ့် ၊ လက်ရှိမှာ ကျွန်တော်တို့ဟာ မတူညီတဲ့ အရာတွေကို အကဲဖြတ်ဖို့ လိုပါတယ် ။ ဘောလုံး ခြေထဲ ရှိတဲ့အချိန် အခွင့်အရေးတွေ ဖန်တီးနိုင်ပေမယ့် ၊ ဘောလုံး ခြေထဲ မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့ အမှား ကျူးလွန်တာတွေ များလွန်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar