
ချဲလ်ဆီး အသင်းဟာ မနက်ဖြန် မနက်မှာ အမေရိကန် ခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲ အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရင်ဆိုင် ကစားဖို့ ရှိပါတယ် ။ ဒီပွဲမှာတော့ နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ ပရီးမီးယားလိဂ် ပွဲတပွဲနီးနီး ချဉ်းကပ် ပြင်ဆင်လာဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ် ။
လက်ရှိ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ကစားသမားတိုင်းနီးပါး လုံလောက်တဲ့ မိနစ်တွေ ရရှိထားပြီး ဖြစ်ပေမယ့် ၊ ကစားခွင့် လုံးဝ မရသေးတဲ့ စတား တဦးတော့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် ဖြစ်ပါတယ် ။ ယင်းဆီနီဂေါ လက်ရွေးစင်ဟာ ဒဏ်ရာ ပြဿနာ ရှိလျက်နဲ့ ဒီခရီးစဉ်ကို လိုက်ပါလာခဲ့တာ ဖြစ်ပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက ဂျက်ဆင်ဟာ ပထမ အသင်းနဲ့ ပထမဆုံး ထရိန်နင် ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း အသိပေးခဲ့ပေမယ့် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ၎င်းကို ထည့်သုံးဖို့ အလားအလာ ရှိမရှိကိုတော့ ထည့်သွင်းဖြေကြားခဲ့ခြင်း မရှိပါဘူး ။

မာရက်စ်ကာ က ” ဒီမနက်ကပဲ နီကိုးလက်စ်ဟာ ကျွန်တော်တို့နဲ့ အတူ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်ကို ဖြတ်သန်းခဲ့ပါတယ် ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခဲ့တယ် ဆိုပေမယ့်ပေါ့ ။ ဘာလို့လဲဆိုတော့ မနက်ဖြန်မှာ ကျွန်တော်တို့ ပွဲကစားဖို့ ရှိပြီး ၊ ဒီမတိုင်ခင် ၄၈နာရီကမှ တပွဲ ကစားခဲ့သေးလို့ပါ ။ ”
” ဒီတော့ ဒီမနက် ထရိန်နင်က တော်တော်လေးကို ပေါ့ပါးခဲ့ပါတယ် ။ ဒါပေမယ့် အနည်းဆုံး သူ ကျွန်တော်တို့နဲ့ စပြီး လေ့ကျင့်နေပါပြီ ။ ဒါက အရေးကြီးပါတယ် ။ ဘယ်နေရာမှာ သူ့ကို သုံးမလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ပြောရရင်တော့ နီကိုးလက်စ်ကို ကျွန်တော် တိုက်စစ်မှူး အဖြစ်နဲ့ပဲ မြင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ကိုပါ အမေရိက ပြိုင်ပွဲ နားရက်တွေ အပြီး ချဲလ်ဆီးနဲ့ အတူ ပြန်လည် ပူးပေါင်းထားတဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုဟာလည်း မန်စီးတီးကို ၄ – ၂ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ပထမပိုင်း ၄၅မိနစ် ပါဝင်ကစားပေးသွားခဲ့ပါတယ် ။ ၎င်းရဲ့ ကြံ့ခိုင်မှု အနေအထားကိုလည်း မာရက်စ်ကာ အခုလိုပဲ ဖြေကြားထားပါတယ် ။

မာရက်စ်ကာ က ” မွိုင်ကို ကျွန်တော် သဘောကျပါတယ် ။ သူ့ကို ကျွန်တော် သိခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ ။ ပြီးခဲ့တဲ့ ရာသီက မတူညီတဲ့ အခြေအနေတွေကြောင့် သူ့အတွက် အနည်းငယ် ရှုပ်ထွေးခဲ့တ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ် ။ စီးတီးပွဲ မတိုင်ခင်က သူဟာ ထရိန်နင် တခုနဲ့ တဝက်ပဲ ဆင်းခဲ့ရသေးတာပါ ။ ”
” အဲဒီနောက် စီးတီးနဲ့ ပွဲမှာ သူ့ကို ၄၅မိနစ်စာ ပေးကစားခဲ့ပါတယ် ။ အိုင်ဒီယာက သူ့ကို ကြံ့ခိုင်မှု အနည်းငယ် တက်လာစေချင်တာပါ ။ ကျွန်တော်တို့ဟာ ဒီလို အရာမျိုးတွေကို အဓိက ဦးစားပေး လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ဟာ မွိုင်ကို စီးတီးနဲ့ အဖွင့် ပရီးမီးယားလိဂ်ပွဲ အမီ ကြံ့ခိုင်မှု ပြည့်စေချင်ပါတယ် ။ တကယ့်ပွဲတွေ ဆိုက်ရောက်လာတဲ့အခါ သူ့ကို ကျွန်တော်တို့ လိုအပ်ပါတယ် ။ ဒါမျိုး ကျွန်တော်တို့ တွေးထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR