Myanmar Digital News

ဘရန့်ဖို့ဒ်က အဲဗာတန်ကို ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် (၆)သို့ တက်လှမ်းလာ

ပရီမီယာလိဂ်ပွဲစဉ်  (၁၁)ပွဲ ကျန်မှ  ဘရန့်ဖို့ဒ်နှင့် အဲဗာတန်အသင်း ပွဲစဉ်ကို   ဂျီတက်ချ်ကွန်မြူနတီကွင်း၌ နိုဝင်ဘာ ၂၄ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ဘရန့်ဖို့ဒ်အသင်းက လေးဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ်နိုင်ပွဲရရှိပြီး အမှတ်ပေးဇယား  အဆင့်(၆) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

အဲဗာတန်အသင်းသည် ပွဲချိန် မိနစ် ၄၀ တွင် အသင်းခေါင်းဆောင် တာကောစကီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။ အဲဗာတန်အသင်းသည် အားထားရသည့်  ခံစစ်ကစားသမား တာကောစကီး ထုတ်ပယ်ခံရပြီးနောက် အသင်းကစားပုံဟန်ချက်ပျက်သွားခဲ့ပြီး ပြိုင်ဘက်အသင်း၏ တရစပ်စစ်ထိုးဖောက်တိုက်စစ်ဆင်မှုများကို ပွဲချိန်အများစု ဟန့်တားကာကွယ်ခဲ့ရသည်။

ပေါ်တူဂီကွင်းလယ်ကစားသမား ဖေဘီယို ကာဗယ်ဟိုသည် ယခုနှစ်ရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် နှစ်ပွဲမြောက် ပါဝင်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် အနိုင်သေချာစေမည့် စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထို့အပြင် ဘရန့်ဖို့ဒ်အသင်း ခံစစ်ကစားသမား   လူးဝစ်ပေါ်တာသည် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက်  နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

ဘရန့်ဖို့ဒ်အသင်းသည်  အဲဗာတန်အသင်းကို နိုင်ပွဲရရှိခဲ့သောကြောင့် ရမှတ်  ၁၇  မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၆) နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် အဲဗာတန်အသင်းက ပရီမီယာလိဂ်  တတိယမြောက် ရှုံးပွဲနှင့်အတူ ရမှတ် ၁၆ မှတ်ဖြင့် အဆင့် (၉)တွင်  ရပ်တည်နေသည်။

လာမည့်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်အသင်းက မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဲဗာတန်အသင်းက အသင်းကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                      

အောင်ဇော်

မူရင်းသတင်း — Myanmar Digital News