Sports Myanmar

ချဲလ်ဆီး စတား တဦးကို ထွက်ခွာခွင့် ပေးခဲ့လို့ တော့ဒ်ဘိုလီနဲ့ အသင်းပိုင်ရှင်တွေ အပေါ် အပြစ်တင် ဝေဖန်သွားတဲ့ ပီတစ်

 

ချဲလ်ဆီး အသင်းဟာ ယခု ရက်ပိုင်း အတွင်း အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ကော်နာ ဂေါ်လဂါကို အက်သလက်တီကို အသင်းထံသို့ ယူရိုသန်း ၄၀နဲ့ ထုတ်ရောင်းဖို့ ခပ်သွက်သွက် တွန်းအားပေးနေခဲ့ပြီး ၊ အခုအခါမှာ ယင်းကော့ဘ်ဟမ်း အကယ်ဒမီထွက်ဟာ လာလီဂါသို့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ်နဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အီမန်နူရယ် ပီတစ်ကတော့ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ၂နှစ်တာ ကာလ အတွင်း ကျူးလွန်ခဲ့တဲ့ အမှားတွေက သင်ခန်းစာ မယူနိုင်သေးပဲ ၊ ဂေါ်လဂါလို ကလပ် အကောင်းဆုံး ကွင်းလယ်လူကို ထုတ်ရောင်းနေကြောင်း ဝေဖန် အပြစ်တင်သွားပါတယ် ။

Gambling Zone နဲ့ တွေ့ဆုံရာမှာ ပီတစ် က ” ချဲလ်ဆီးမှာ တခုခု အမြဲဖြစ်တတ်ပါတယ် ။ တခါတလေ ဒါက ကိုယ့်ကိုယ်ကို ဆံပင်ဆောင့်ဆွဲချင်လောက်အောင် အထိ ဒေါသထွက်စေပါတယ် ။ ဒီပိုင်ရှင်တွေဟာ သူတို့ ကျူးလွန်ခဲ့တဲ့ အမှားတွေကနေ ဘာသင်ခန်းစာမှ ယူနိုင်ခဲ့တဲ့ပုံ မပေါ်နေပါဘူး ။ အသင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်မိပါတယ် ။ ”

” ဒီပိုင်ရှင်တွေ လက်အောက်က ၂နှစ်တာ ကာလ အတွင်း ကျွန်တော် စိုးရိမ်ပူပန်ခဲ့ပါတယ် ။ သူတို့ဟာ အမှားတွေနဲ့ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ် ။ သူတို့ဟာ အရာရာကို ပြောင်းလဲပစ်ခဲ့ပါတယ် ။ ဒါက ချဲလ်ဆီးမှာ ရှိခဲ့ဖူးတဲ့ ပတ်ဝန်းကျင် အငွေ့အသက်မျိုး မဟုတ်တော့ပါဘူး ။ အတွင်းရော အပြင်ရောမှာပေါ့ ။ ”

” ပရိသတ်တွေနဲ့ ဆက်နွယ်မှုကလည်း ပျောက်ဆုံးနေပါတယ် ။ သူတို့ရဲ့ ပရောဂျက်ကို ကျွန်တော် ကြည့်တဲ့အခါ ၊ ဒီလူငယ် ကစားသမားတွေကို ငွေကြေး အမြောက်အမြား သုံးပြီး ခေါ်ထားတာတွေ ၊ နှစ်ရှည်စာချုပ်တွေ ချုပ်တာက ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး ။ ”

” အမေရိကန်တွေဟာ တဘီလီယံကျော်တောင် သုံးခဲ့ပြီး ဘာတွေများ ရခဲ့လို့လဲ ? တချို့ ကစားသမားတွေဟာ ဘာခြေစွမ်းမှ မပြနိုင်ပဲနဲ့ စာချုပ်ရှည်တွေ ရနေကြပါတယ် ။ သူတို့ ရောင်းထုတ်နေတဲ့ ကစားသမားတွေကိုလည်း ခင်ဗျား ကြည့်ပါဦး ။ သူတို့ဟာ ကိုယ့်ရဲ့ အကောင်းဆုံးနဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းထုတ်နေတာပါ ။ ”

” ကော်နာ ဂေါ်လဂါဟာ ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သလို ၊ ရိစ်ဂျိမ်စ် ဒဏ်ရာ ရနေခဲ့လို့ ပွဲအများစုကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တာပါ ။ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကစားပေးနေပြီး ၊ အကယ်ဒမီထွက်လည်း ဖြစ်ပါတယ် ။ ”

” ဒီကစားသမားကို ခင်ဗျား ဘယ်လောက်နဲ့ ရောင်းထုတ်မှာလဲ ? ပေါင်သန်း ၃၀လား ? သူဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကွင်းလယ်လူတောင် ဖြစ်နိုင်ပါတယ် ။ ဂေါ်လဂါက ပေါင်သန်း ၃၀ပဲ တန်ပြီး ၊ မန်နူရယ် အူဂါတေးက ဘယ်လိုဖြစ်လို့ ပေါင်သန်း ၆၀ ၊ ၇၀လောက် တန်နေတာလဲ ? ဒါက ကျွန်တော့ အတွက် ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး ။ ”

” အသင်းက ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ကျွန်တော် နားမလည်နိုင်ပါဘူး ။ သူတို့ဟာ လူသစ်တွေ အများကြီး ခေါ်ခဲ့သလို ၊ ဈေးကွက် အတွင်း လုပ်ခဲ့တဲ့ အမှားတွေကြောင့် ကစားသမားတွေကို ထုတ်ရောင်းဖို့ လိုတာ မှန်ပါတယ် ။ ဒါပေမယ့် ကော်နာ ဂေါ်လဂါကို ပေါင်သန်း ၃၀နဲ့ ရောင်းတာက လျှော့ဈေးပေးသလို ဖြစ်နေပါတယ် ။ ”

” သူတို့ဟာ သူ့ကို ဆက်ထိန်းဖို့ ဒီထက် ပိုပြီး ကြိုးစားခဲ့သင့်ပါတယ် ။ အသင်းက သူ့ကို ရောင်းချင်နေတာ ၂နှစ် ရှိခဲ့ပါပြီ ။ သူဟာ မလေးမစား လုပ်တာ ခံခဲ့ရတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ဟာ အသင်းရဲ့ လစာအများဆုံး ကစားသမားတွေ နည်းတူ သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar