
ချဲလ်ဆီး အသင်းဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အတူ အမေရိကန် ရာသီကြို ခရီးစဉ် ုဖြတ်သန်းခဲ့တာ မနေ့ကပဲ တရားဝင် ပြီးဆုံးသွားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ အမေရိကန် ခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲ အဖြစ် လက်ရှိ ဥရောပ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ခဲ့ပြီး ၊ ၂ – ၁ ရလဒ်နဲ့ ကပ်ရှုံးခဲ့ပါတယ် ။
ရှေ့ခြေစမ်းပွဲ ၄ပွဲနဲ့ ယှဉ်လိုက်ရင်တော့ တိုးတက်လာသယောင် ရှိလာတယ်လို့ ထင်ရပေမယ့် ၊ ရာသီသစ် စတင်ဖို့ ဒီခြေစွမ်းက ချဲလ်ဆီး ပရိသတ်တွေကို မချင့်မရဲ ဖြစ်စေဆဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ခြေစမ်းပွဲတိုင်းမှာ ချဲလ်ဆီး ခံစစ်က ကိုယ့်အမှားနဲ့ လိုအပ်ချက်တွေကြောင့် ဂိုးတွေ ဆက်တိုက် ခွင့်ပြုထားရပါတယ် ။
ဒါ့အပြင် ဗဟိုခံစစ် အတွက် ဘယ်အတွဲအဖက်က အကောင်းဆုံး ဖြစ်မလဲ ၊ ပွဲထွက် ဂိုးသမားက ဘယ်သူ ဖြစ်သင့်သလဲ ဆိုတဲ့ အမေးတွေနဲ့ ပတ်သက်ပြီး မာရက်စ်ကာမှာ ပေးစရာ အဖြေက အတိအကျ မရှိနေသေးပါဘူး ။

အင်တာမီလန်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ကစားမယ့် နောက်ဆုံး ခြေစမ်းပွဲကတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲမှာ မာရက်စ်ကာ အသုံးပြုမယ့် ပွဲထွက်စာရင်း ၊ နည်းစနစ်နဲ့ အနီးစပ်ဆုံး တူလာမယ်လို့ ခန့်မှန်းရပါတယ် ။
ခံစစ် ပေါက်ပြဲနေခြင်းနဲ့ ပတ်သက်ပြီး မာရက်စ်ကာ ကိုယ်တိုင်ကတော့ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနို စတင်ခဲ့တဲ့ high line ခံစစ် အပေါ် မသိမသာ ထိုးနှက် အပြစ်တင်ရင်း ၊ ဒါကို ၎င်းတို့ ပြုပြင်ဖို့ ကြိုးစားနေဆဲ ဖြစ်ကြောင်း ဖွင့်ဟလာပါတယ် ။
မာရက်စ်ကာ က ” စရောက်တဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော်တို့ဟာ ဒီပြဿနာကို ဖြေရှင်းနေရပါတယ် ။ အသင်းသားတွေနဲ့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က ပြောခဲ့တဲ့ အကြောင်းအရာတွေထဲမှာ မနှစ်က High line ခံစစ်နဲ့ ဂိုးတွေ အများကြီး ခွင့်ပြုခဲ့ရတယ် ဆိုတာ ပါဝင်ခဲ့ပါတယ် ။ ”

” ဒါက ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အရာတခုပါပဲ ။ ဒီနေ့မှာ တိုက်စစ်အရ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ် ။ အတွဲအဖက် အချိတ်အဆက်တွေ ရှိနေတာပါ ။ အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ပြဿနာက ခံစစ်ပါပဲ ။ ”
” ခံစစ်လို့ ပြောတဲ့နေရာမှာ နောက်တန်း တခုတည်းကို ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး ။ ကစားသမား အားလုံးရဲ့ ယေဘူယျ ခံစစ် စွမ်းရည်ကို ပြောတာ ဖြစ်ပါတယ် ။ ခြုံပြောရရင်တော့ ရာသီကြို ခရီးစဉ်က ပြီးဆုံးသွားပါပြီ ။ ကျွန်တော်တို့ လန်ဒန်ကို ပြန်ပါမယ် ။ အင်တာနဲ့ ခြေစမ်းပွဲ ကစားဖို့ ကျန်ပါသေးတယ် ။ ဒါပြီးရင်တော့ တရားဝင်ပွဲတွေ စပါပြီ ။ ”
” ဒါက အလေ့အကျင့်ပါပဲ ။ ကျွန်တော်တို့ဟာ high line ပုံစံမျိုးမှာ ခံစစ် ကစားတာနဲ့ အသားမကျနေသေးပါဘူး ။ ဒါက ပြီးခဲ့တဲ့ ရာသီ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်တွေကတည်း ရှိခဲ့တဲ့ အလေ့အကျင့်ကြောင့်လားတော့ ကျွန်တော် မသိပါဘူး ။ ”

” ကျွန်တော်တို့ဟာ ခံစစ်ကို အနောက် နည်းနည်းဆုတ်ပြီး ကစားကြည့်ဖို့ ကြိုးစားနေပါတယ် ။ ပုံမှန်အားဖြင့် လေးမီတာ ၊ ငါးမီတာလောက် လျှော့ပြီးတော့ပေါ့ ။ ဒါကလည်း ကိုယ့်အသင်း အတွက် အကျိုး တခုခု ရဖို့ပါ ။ မနှစ်က ကျွန်တော်တို့ ဒီပြဿနာကြောင့် ဂိုးတွေ အများကြီး ပေးခဲ့ရပါတယ် ။ မကြာခင်မှာ ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR