Sports Myanmar

ရာသီသစ် မစတင်မီ မာရက်စ်ကာနဲ့ ချဲလ်ဆီး ကြယ်ပွင့် တဦးထံ သတိပေးသွားတဲ့ ကာရေဂါ

 

ချဲလ်ဆီး အသင်းဟာ အမေရိကန် ပိုင်ရှင်သစ်တွေ ရောက်ရှိလာတဲ့ ၂နှစ်တာကာလ အတွင်း အောင်မြင်မှုနဲ့ နီးစပ်ခဲ့တာဆိုလို့ ၊ ပြီးခဲ့တဲ့ ရာသီ ကာရာဘောင်ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တာပဲ ရှိခဲ့ပါတယ် ။

အပြောင်းအရွှေ့ ပေါ်လစီကို လုံးဝ ပြောင်းလဲလိုက်တာကြောင့် လက်ရှိ ချဲလ်ဆီးမှာ ဝါရင့် ကစားသမားတွေ ကုန်သလောက် ဖြစ်သွားပြီး ၊ အတွေ့အကြုံ အတော် နုနယ်တဲ့ လူငယ် ခြေတက် ကစားသမား အများကြီးနဲ့ ပုံနေတာကို တွေ့ရပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးဟာ စီနီယာ ကစားသမား နည်းပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရသလို ၊ ၂နှစ် အတွင်း နည်းပြ အပြောင်းအလဲ ၄ကြိမ် လုပ်ထားကာ ၊ တည်ငြိမ်မှုကို ရရှိဖို့ အထူး ရုန်းကန်နေရပါတယ် ။ ရာသီကြို ကာလ အတွင်းမှာလည်း ခြင်္သေ့ပြာတို့ဟာ ရလဒ်ပိုင်းကို အဓိက မထားခဲ့ဘူးဆိုပေမယ့် ၊ ခြေစွမ်းအရလည်း အားရစရာ လုံးဝ မရှိသေးပါဘူး ။

လာမယ့် တနင်္လာနေ့မှာ ကစားမယ့် အင်တာမီလန်နဲ့ နောက်ဆုံး ခြေစမ်းပွဲမှာ နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့ သူ့အသင်းဟာ ရာသီသစ် အဖွင့်ပွဲမှာ ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ၊ တစုတစည်းတည်း ဖြစ်နေကြောင်း ထုတ်ဖော် ပြသဖို့ မဖြစ်မနေ လိုအပ်နေပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ကိုးလ်ပါလ်မာတောင် ဒီရာသီမှာ ခြေစွမ်းပြချင်မှ ပြနိုင်မယ့် အကြောင်း သတိပေးရင်း ၊ မာရက်စ်ကာကိုလည်း ရာသီကုန်တဲ့အထိ ချဲလ်ဆီး နည်းပြ ရာထူးမှာ ဆက်ရှိနေမှာ မဟုတ်ဘူးလို့ ခန့်မှန်းသွားပါတယ် ။

Sky Sports ရဲ့ The Overlap အစီအစဉ်မှာ ကာရေဂါ က ” လူတွေ မေ့နေကြတာက ချဲလ်ဆီးဟာ ပက်ဂွာဒီယိုလာနဲ့ ယာဂင် ကလော့ပ်တို့ ရှိနေတဲ့ ခေတ်မှာတောင် ထိုးဖောက်လုနီး ဖြစ်တဲ့ အထိ ရောက်ခဲ့တာပါ ။ သူတို့ဟာ မန်စီးတီးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး ၊ လီဗာပူးကို ရှုံးထွက်ဖလား ဗိုလ်လုပွဲ ၂ခုမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ပဲ ရှုံးခဲ့တာပါ ။ ”

” သောမတ်စ် တူချယ်ဟာ ကလော့ပ်နဲ့ ပက်တို့ကို တပွဲထိုး ပွဲတွေမှာ ယှဉ်ဖိုက်နိုင်ပါတယ် ။ နောက်တော့ ပိုင်ရှင်သစ်တွေ ရောက်လာပြီး ၊ အခု ချဲလ်ဆီး အခြေအနေက ကပ်ဆိုက်နေတာ ဖြစ်ပါတယ် ။ သူတို့ဟာ ဒီကစားသမားသစ်တွေ အများကြီးကို လျှောက်ခေါ်ထားပေမယ့် ၊ ကိုးလ်ပါလ်မာ တယောက်တည်းပဲ မျက်စိကျစရာ ကစားသမား ဖြစ်လို့နေပါတယ် ။ ”

” ချဲလ်ဆီး အတွက် ကျွန်တော် စိုးရိမ်မိတာက ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပါလ်မာရဲ့ စွမ်းဆောင်ရည် အတွက် ချီးကျူးမှု အများကြီးနဲ့ ထိုက်တန်ခဲ့တာပါ ။ ဘယ်သူမှ ဒါကို မမျှော်မှန်းခဲ့ကြပါဘူး ။ ပက်တောင်မှပေါ့ ။ ဒီလိုမှ မဟုတ်ရင် သူ့ကို ပက် ဘယ်ရောင်းခဲ့ပါ့မလဲ ။ ”

” ဒီတော့ ချဲလ်ဆီးဟာ လာမယ့် ရာသီမှာ ပြီးခဲ့တဲ့ ရာသီက ကိုးလ်ပါလ်မာမျိုး ရချင်မှ ရပါတော့မယ် ။ ဒါပေမယ့် ပါလ်မာဟာ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်တာကြောင့် သူတို့ဟာ စွမ်းဆောင်ရည် ပြည့်တဲ့ ပါလ်မာကို ဆက်ရနေမှာ သေချာပါတယ် ။ ”

” ဒါပေမယ့် မန်နေဂျာသစ် ရောက်လာတာ ဖြစ်လို့ အခြေအနေက ကွဲပြားသွားပါပြီ ။ ရာသီကြို ကာလမှာ ချဲလ်ဆီး ကျော်ဖြတ်ခဲ့တဲ့ အနေအထားကို ကြည့်ပါ ။ သူတို့ဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ကစားရပါမယ် ။ မာရက်စ်ကာ ရာသီကုန်တဲ့ အထိ ချဲလ်ဆီး မန်နေဂျာ အဖြစ် ဆက်ရှိနေမယ် ဆိုရင် ကျွန်တော် အတော်လေး အံ့သြမိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar