
ချဲလ်ဆီး အသင်းဟာ ယနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရာသီသစ် မစတင်ခင် နောက်ဆုံး ခြေစမ်းပွဲ အဖြစ် လက်ရှိ စီးရီးအေ ချန်ပီယံ အင်တာမီလန် အသင်းကို ဧည့်ခံ ကစားသွားဖို့ ရှိပါတယ် ။ လာမယ့် အပတ်မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ကစားရမယ့် ချဲလ်ဆီး အနေနဲ့ ယနေ့ညပွဲမှာ ရာသီသစ် အတွက် အသင့်ဖြစ်နေကြောင်း ပြသဖို့ လိုနေပါတယ် ။
အမေရိကန် ခရီးစဉ်မှာ ချဲလ်ဆီးဟာ ခြေစမ်းပွဲ ၅ပွဲ ကစားခဲ့ရာ ၊ ကလပ်အမေရိက တသင်းတည်းကိုသာ အနိုင်ရထားပြီး ၊ တန်းတက် လိဂ်ဝမ်း ကလပ် ရက်စ်ဟမ်းကို သရေကျပြီး ၊ ဆဲလ်တစ် ၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ် ။
ဒီခြေစမ်းပွဲတွေမှာ ရလဒ်က အခရာ မကျပေမယ့် ၊ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်က အဓိက ကျနေပြီး ၊ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ချဲလ်ဆီးဟာ ရာသီသစ် မစတင်ခင်မှာတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ အနေအထားမှာ ရှိမနေသေးပါဘူး ။

သို့ပေမယ့် အင်တာနဲ့ ပွဲဟာ မာရက်စ်ကာ တယောက် ချဲလ်ဆီး ပရိသတ်တွေကို ၎င်းတို့ဟာ အလားအလာရှိပြီး ၊ ရာသီသစ် စတင်ဖို့ အသင့်ဖြစ်ကြောင်း ပြသဖို့ တခုတည်းသော အခွင့်အရေးလည်း ဖြစ်ပါတယ် ။ ဒီပွဲမတိုင်ခင် ကလပ် တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ မာရက်စ်ကာက ချဲလ်ဆီး ပရိသတ်တွေထံ အခုလိုပဲ မက်ဆေ့ချ် ပေးသွားပါတယ် ။
မာရက်စ်ကာ က ” ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ နောက်ဆုံးတော့ ကျွန်တော်တို့ ပရိသတ်တွေနဲ့ အတူ ကိုယ့်အိမ်ကွင်းဆီ ပြန်ရောက်လာပါပြီ ။ သူတို့ကို ဒီရာသီ တလျှောက် ကျွန်တော်တို့ လိုအပ်ပါတယ် ။ သူတို့ဟာ ကျွန်တော်တို့နဲ့ ကစားသမားတွေ အတွက် အရေးကြီးလာမှာပါ ။ ဘာလို့လဲဆိုတော့ ဒီလို အခိုက်အတန့်မျိုးတွေမှာ သူတို့ဆီက ထောက်ခံ အားပေးမှုကို ကျွန်တော်တို့ လိုအပ်လို့ပါ ။ ”
” ကျွန်တော်တို့ ဒီခရီးကို အတူတကွ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရပါမယ် ။ ကျွန်တော်ဟာ ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တခု တည်ဆောက်ဖို့ အမြဲတမ်း ကြိုးစားပါတယ် ။ အထူးသဖြင့် ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားတဲ့အချိန်တွေဆို သူတို့ဟာ ကျွန်တော်တို့ အတွက် ၁၂ယောက်မြောက် ကစားသမား ဖြစ်နိုင်လို့ပါ ။ ”

” ကျွန်တော်တို့ဟာ သူတို့ရဲ့ တွန်းအားပေးမှုတွေ ၊ ထောက်ခံမှုတွေ လိုအပ်ပါတယ် ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သူတို့ ပွဲတွေ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုခံစားရစေဖို့ အကောင်းဆုံး ကြိုးစား ကစားပေးသွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အင်တာမီလန်နဲ့ ရင်ဆိုင်ပြီး ရာသီကြို ပြင်ဆင်မှု ပိတ်သိမ်းရမယ့် အပေါ် မာရက်စ်ကာ က ” အင်တာဟာ အရမ်းကောင်းတဲ့ အသင်း တသင်းပါ ။ လွန်ခဲ့တဲ့ ၂နှစ်က သူတို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီကဆို သူတို့ဟာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပါတယ် ။ သူတို့ဟာ တူညီတဲ့ နည်းပြနဲ့ အချိန် အတော်ကြာ ဖြတ်သန်းခဲ့ပြီးပါပြီ ။ ”
” ဒါကို သူတို့ရဲ့ ခံစစ် တိုက်စစ်အရ အံ့သြဖွယ် ကစားဟန်ကို ကြည့်ပြီး ခင်ဗျားတို့ မြင်တွေ့နိုင်မှာပါ ။ ဒါက ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာပါလိမ့်မယ် ။ ကျွန်တော်တို့ ရာသီသစ် မစတင်မီ နောက်ဆုံး ကစားတဲ့ ခြေစမ်းပွဲလည်း ဖြစ်တာကြောင့် အကောင်းဆုံး ပေးဆပ် ကစားသွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR