Sports Myanmar

ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ်ပေးရင်း ၊ သူ ကစားရတာ အားသန်တဲ့ နေရာ ၃ခုကို ပြောပြလာတဲ့ ပတ်ဒရို နက်တို

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ဝုလ်ဗ် အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ ၇နှစ် စာချုပ်နဲ့ ခေါ်ယူကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သလို ၊ အင်တာမီလန်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က ခြေစမ်းပွဲရဲ့ ပထမပိုင်း အပြီး သူ့ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ နက်တိုဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း ဝုလ်ဗ်အတွက် အထူး ခြေစွမ်းပြခဲ့ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၂ – ၄ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ပရိသတ်တွေ သတိထားမိစေလောက်မယ့် စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ကစားသမားသစ် ဖြစ်လာတဲ့ ပထမဆုံး အင်တာဗျူးမှာ နက်တိုက ခြင်္သေ့ပြာတို့ဆီ ဘာကြောင့် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့လဲ ဆိုတာ အခုလိုပဲ ရှင်းပြလာပါတယ် ။

နက်တို က ” ဒါက ရည်မှန်းချက် ကြီးမားတဲ့ အသင်းကြီး တသင်းပါ ။ ဒီကလပ်မှာ ရှိတဲ့ သမိုင်းကြောင်းကို ကျွန်တော် သိပါတယ် ။ အသင်းဖော်သစ်တွေ ၊ ကလပ်ဝန်ထမ်းတွေနဲ့ အသင်းမှာ ရှိတဲ့လူ အားလုံးနဲ့ တွေ့ရဖို့ ကျွန်တော် စောင့်မျှော်နေပါတယ် ။ ဘာလို့လဲဆိုတော့ ဒီကလပ်နဲ့ အတူ ကျွန်တော် သမိုင်းသစ် တရပ် ရေးထိုးချင်လို့ပါ ။ ”

” ဒါက အရည်အချင်းရှိ ကစားသမားတွေနဲ့ ပြည့်နေတဲ့ ငယ်ရွယ်တဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ မနှစ်က ချဲလ်ဆီးနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ဖူးပါတယ် ။ ကျွန်တော်တို့ ဘယ်လို အသင်းကို ပိုင်ဆိုင်ထားလဲ ဆိုတာ သိပါတယ် ။ သူတို့နဲ့ အတူ တွေ့ဆုံရဖို့ ၊ အလုပ်လုပ်ရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး ။ ဘာလို့လဲဆိုတော့ ကြီးကျယ်တဲ့ အရာတွေကို ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ချင်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး နက်တို က သူကစားရတာ အားသန်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ” တိုက်စစ်က နေရာ ၃နေမှာ ကစားရတာ ကျွန်တော် ကြိုက်ပါတယ် ။ ဝုလ်ဗ်မှာ ကျွန်တော်ဟာ တောင်ပံတိုက်စစ် နေရာတွေမှာ ပိုပြီး ကစားခဲ့ရပေမယ့် ၊ ဗဟိုတိုက်စစ်မှာ ကစားရတာလည်း ကျွန်တော့ အတွက် အဆင်ပြေပါတယ် ။ ဘယ်နေရာမှာ ကစားချင်ပါတယ် ဆိုပြီး ကျွန်တော့မှာ မရှိပါဘူး ။ ”

” ဒီအသင်းဆီ ယုံကြည်မှုတွေ ၊ လုပ်အားတွေ ၊ နိုင်ပွဲတွေ ၊ ဂိုးတွေ ၊ ဖန်တီးမှုတွေ ၊ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့် အရာရာတိုင်းကို ယူဆောင်ပေးလာနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ နက်တို က ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ်ပေးတဲ့ အနေနဲ့ ” ကျွန်တော် အကောင်းဆုံး လုပ်ပြချင်ပါတယ် ၊ အသင်းကို သူတို့ရဲ့ ပန်းတိုင်တွေဆီ ရောက်ရှိစေဖို့ ကူညီပေးချင်ပါတယ် ၊ ချဲလ်ဆီးကို သူတို့နဲ့ ထိုက်တန်တဲ့ နေရာ ဖြစ်တဲ့ ဇယားထိပ်ပိုင်းဆီကို ပြန်လည် ပို့ဆောင်ချင်ပါတယ် ။ ”

” ကျွန်တော့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေက အမြဲတမ်း မြင့်မားပါတယ် ။ ကျွန်တော် ဘာကြောင့် ဒီကို ပြောင်းလာလဲ ဆိုတာ ၊ ထိပ်တန်းအဆင့် တခုမှာ ရှိနေဖို့ ထိုက်တန်ကြောင်းကို သက်သေပြချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar