
ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ၂နှစ် သက်တမ်းတိုး စာချုပ် ထပ်ချုပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ် ။ ဒါကြောင့် ချဲလ်ဆီးနဲ့ ပါလ်မာ အကြား စာချုပ် ကာလဟာ ၂၀၃၃ ဇွန်လ အထိ ကျန်ရှိတော့မှာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့နှစ် နွေရာသီ ဈေးကွက် ပိတ်သိမ်းခါနီး မန်စီးတီးကနေ ပေါင်သန်း ၄၀နဲ့ ပြောင်းရွှေ့လာတုန်းက ချဲလ်ဆီး ပရိသတ်တွေက အစ ၊ ပါလ်မာကို သွင်းဂိုး ၂၀ကျော် စွမ်းဆောင်ဖို့ မမျှော်မှန်းခဲ့ကြပါဘူး ။ ဒီတော့ အခုလို အံ့သြဖွယ် ဘောလုံးရာသီ တခု အပြီး ပါလ်မာဟာ စာချုပ်သစ် ကမ်းလှမ်းခံရဖို့ ထိုက်တန်တယ်လို့ ကလပ်ဖက်က သတ်မှတ်ခဲ့ပါတယ် ။

စာချုပ်သစ် ချုပ်ဆို အပြီး အင်တာဗျူးမှာ ပါလ်မာ က ” စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း စိတ်လှုပ်ရှားမိပါတယ် ။ ဒါကို ခင်ဗျားတို့လည်း ပြောနိုင်ကြမှာပါ ။ အပြုံးတွေက ကျွန်တော့ မျက်နှာပေါ်က ပျောက်မသွားသေးပါဘူး ။ စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့ အပေါ် ကျွန်တော် အမှန်တကယ် ပျော်ရွှင်မိပါတယ် ။ ”
” ဒီအဆောက်အအုံဆီကို ကျွန်တော် စတင် လျှောက်ဝင်ခဲ့တဲ့ ပထမဆုံးနေ့က စပြီး ၊ ဒီမှာ နေရတာ အမှန်တကယ် အဆင်ပြေတယ်လို့ ခံစားခဲ့ရပါတယ် ။ အထိုင်ကျပြီးတဲ့နောက် ချဲလ်ဆီးမှာ ကျွန်တော် အချိန် အကြာကြီး ဆက်ရှိတော့မယ် ဆိုတာ သိရတော့ ဒါက ကျွန်တော့ အတွက် အဓိပ္ပာယ် အများကြီး ရှိပါတယ် ။ ”
” ပြီးခဲ့တဲ့ နွေရာသီ ကျွန်တော် ဒီကို ပြောင်းလာတဲ့ အချိန်က ဒါဟာ ကျွန်တော့ အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ ဆိုတာ လူတိုင်း သိကြပါတယ် ။ ကျွန်တော်ဟာ ဒီမတိုင်ခင်က ကလပ် တသင်းတည်းမှာ ကစားလာခဲ့ပေမယ့် ၊ အတွေ့အကြုံသစ် တခု ကျွန်တော် ရချင်ခဲ့ပါတယ် ။ ”

” အခုဆို ကျွန်တော် အချိန် နောက်ပြန်လှည့်ကြည့်တဲ့ အခါ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့တယ် ဆိုတာ သိလိုက်ရပါတယ် ။ ချဲလ်ဆီးကို ပြောင်းလာနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်သလို ၊ ချဲလ်ဆီးမှာ နေရတဲ့ ကျွန်တော့ရဲ့ ဘဝကိုလည်း သဘောကျ နှစ်သက်ပါတယ် ။ ”
” ပြီးခဲ့တဲ့ ရာသီက ကျွန်တော့ တဦးတည်း အတွက် အံ့သြဖွယ်ပါပဲ ။ အသင်းမှာ ယုံကြည်မှု ရရှိထားတယ်လို့ ကျွန်တော် ခံစားခဲ့ရသလို ၊ ဒီမှာ ကစားရတာကို အမှန်တကယ် နှစ်ခြိုက်ခဲ့ပါတယ် ။ ဒါက ကျွန်တော့ကို ရာသီသစ် အတွက် စိတ်လှုပ်ရှားစေသလို ၊ အသင်းလိုက် အနေနဲ့ ဒီနှစ်မှာ ကျွန်တော်တို့ အောင်မြင်မှု တခုခု ရယူနိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ပါလ်မာ က သူ့ကို တခဲနက် အားပေးလာကြတဲ့ ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ် ပေးတဲ့ အနေနဲ့ ” ပရိသတ်တွေကို ကျွန်တော် စကားနည်းနည်း ပြောချင်ပါတယ် ။ သူတို့ဟာ ကျွန်တော့ အပေါ် အရမ်း ကောင်းခဲ့ပြီး ၊ ဒါက သတိမထားမိစရာ မရှိပါဘူး ။ ”

” ဒီတော့ ဒီကို စရောက်ကတည်းက ကျွန်တော့ အပေါ် ပြသခဲ့တဲ့ သူတို့ရဲ့ အားပေးထောက်ခံမှုတွေ ၊ ချစ်ခြင်းမေတ္တာတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ။ ဒီရာသီမှာ ကျွန်တော်တို့ အောင်မြင်မှု ရရှိဖို့ မျှော်လင့်သလို ၊ နောက်နှစ်များစွာ ဒီထက် ပိုများတဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR