
ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ကိုးလ်ပါလ်မာကို ၂နှစ် သက်တမ်းတိုး စာချုပ်ချုပ်နိုင်ခဲ့တာကြောင့် ၊ ၎င်းဟာ စာချုပ်အရ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်၉နှစ် အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး + ဖန်တီးမှု အကြိမ် ၃၀ ကျော်ခဲ့တဲ့ ပါလ်မာကို မလိုအပ်ပဲ စာချုပ် ထပ်တိုးခဲ့တယ်လို့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ယူဆနေပြီး ၊ ၎င်းဟာ ရာသီသစ်မှာ ချဲလ်ဆီး အတွက် ၁၅ဂိုးတောင် သွင်းနိုင်မှာ မဟုတ်ဘူးလို့ အံ့အားသင့်ဖွယ် ခန့်မှန်းသွားပါတယ် ။
Sky Sports နဲ့ တွေ့ဆုံရာမှာ မာဆင် က ” သူဟာ မယုံနိုင်ဖွယ် ဘောလုံးရာသီ တခု ပိုင်ဆိုင်ခဲ့ပြီး ၊ သူဟာ ကစားသမားကောင်း တယောက် ဖြစ်ပေမယ့် ၊ ဒီရာသီမှာတော့ သူဟာ ပြိုင်ဖက်တိုင်းရဲ့ သတိထား စောင့်ကြည့်ခြင်း ခံရပါလိမ့်မယ် ။ အသင်းတိုင်းရဲ့ team talk က ‘ ကိုးလ်ပါလ်မာကို ရပ်တန့်အောင် လုပ်မယ် ‘ ဆိုပြီး ဖြစ်လာပါလိမ့်မယ် ။ ”

” ဒီအခြေအနေမျိုး သူ တချိန်လုံး ရထားပြီး ၊ ခင်ဗျားတို့က သူ့ကို ၉နှစ်တောင် စာချုပ် ချုပ်လိုက်ကြတာလား ? ( ဒီရာသီမှာ ၁၅ဂိုး ထပ်သွင်းနိုင်မယ်လို့ ) ကျွန်တော် သေချာ မပြောနိုင်ပါဘူး ။ ပြီးခဲ့တဲ့ ရာသီက သူ့အတွက် မယုံနိုင်ဖွယ် ဖြစ်ခဲ့ပြီး ၊ ဒီရာသီမှာတော့ သူ အသေအချာ လူကပ်ကစားတာ ခံရတော့မှာပါ ။ ”
” ဒါမျိုး ကျွန်တော်တို့ တွေ့ဖူးတာ အကြိမ်ပေါင်း သန်းနဲ့ချီ ရှိခဲ့ပါတယ် ။ ဥပမာ – အာဆင်နယ်မှာ အဒီဘာယော စရောက်ရောက်ချင်း အထူး ခြေစွမ်းပြခဲ့ပြီး ၊ နောက်ရာသီမှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် ၊ လူကပ် ကစားတာ ခံရတော့တာပါပဲ ။ ”
” ဒါက ခက်ခဲလာပါလိမ့်မယ် ။ နောက်ရာသီမှာ သူ ၁၅ဂိုး သွင်းနိုင်ခဲ့ရင် ၊ ကျွန်တော်ကတော့ ‘ Wow! မင်းကို လေးစားတယ် ‘ ဆိုပြီး ဖြစ်မိမှာပါ ။ ၁၅ဂိုးက အလွန်များပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာဆင်က တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ကစားသမားတွေကို စာချုပ်ရှည် ချုပ်တဲ့ ပေါ်လစီကိုလည်း ဝေဖန်သွားကာ ၊ အနာဂတ်မှာ ဘယ်ကစားသမားက ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ကြောင်း သုံးသပ်သွားပါတယ် ။
မာဆင် က ” ဒါက ကလပ် အတွက် ပိုကောင်းတဲ့ လှုပ်ရှားမှု တခု မဖြစ်နိုင်ပါဘူး ။ သူတို့ ဘာတွေလုပ်နေလဲ ဆိုတာ သူတို့ မသိကြပါဘူး ။ ကျွန်တော် ရက်ရက်စက်စက် ဝေဖန်နေတာ မဟုတ်ပေမယ့် ၊ လာမယ့် ၉နှစ် အတွင်း သူ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်မှာလဲ ? ”
” ကျွန်တော် သူ့ကို သဘောကျပေမယ့် ၊ သူတို့ဟာ ဒီကစားသမားတွေကို ၆နှစ် ၊ ၇နှစ် ၊ ၈နှစ် စာချုပ်တွေ ချုပ်ထားပါတယ် ။ ဒီထဲက တချို့ဟာ ကစားခွင့်တောင် မရကြသလို ၊ တချို့ဆို နာမည်စာရင်းထဲတောင် မပါကြပါဘူး ။ ဒါက ကော်နာ ဂေါ်လဂါ အသင်းပြောင်းဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်း တရပ် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ၂နှစ်ပဲ သက်တမ်းတိုး ကမ်းလှမ်းခြင်း ခံခဲ့ရလို့ပါ ။ ”
” လွန်ခဲ့တဲ့ ၃နှစ်က ကန်ဆယ်လို မန်စီးတီးမှာ နောက်ထပ် အဆင့် တဆင့် စွမ်းဆောင်ရည်မျိုး ပြသခဲ့တာ ခင်ဗျားတို့လည်း သိကြမှာပါ ။ တနှစ်ကြာတော့ သူ မန်စီးတီးကနေ ထွက်သွားခဲ့ပါတယ် ။ ဒီတော့ နောက်၆နှစ် ၊ ၇နှစ်ကြာ အချိန်အတွင်း ဒီကစားသမားတွေ ဘာဖြစ်လာမလဲ ဆိုတာ ခင်ဗျား မပြောနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR