Sports Myanmar

မာရက်စ်ကာ လက်အောက် ကစားခွင့် မရတော့မယ့် ချဲလ်ဆီး စတားရဲ့ အမည်ကို ထုတ်ဖော်ရင်း ၊ ရာသီသစ်မှာ ခြင်္သေ့ပြာတို့ရဲ့ အဆင့် ရပ်တည်မှုကို ခန့်မှန်းသွားတဲ့ ဒန်နီ မာဖီ

 

ချဲလ်ဆီး အသင်းဟာ အမေရိကန် ပိုင်ရှင်တွေ လက်အောက် တတိယမြောက် ဘောလုံး ရာသီကို မကြာခင် စတင်တော့မှာ ဖြစ်ပြီး ၊ ၎င်းတို့ရဲ့ လက်ထက် ၅ယောက်မြောက် နည်းပြ ဖြစ်တဲ့ အန်ဇို မာရက်စ်ကာ အနေနဲ့ ရာသီသစ်မှာ ဘာတွေ လုပ်ပြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အမေရိကန် ပိုင်ရှင်တွေဟာ ရှေ့၂ရာသီမှာ ချဲလ်ဆီး အသင်း အတွင်း အပြောင်းအလဲများစွာ လုပ်ဆောင်ထားပြီး ၊ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ် လက်ထက်က ကစားသမား အများအပြားကို ရှင်းလင်းထားကာ ၊ ပေါ်လစီအသစ် အရ လူငယ်ကြယ်ပွင့်တွေနဲ့ သွေးသစ်လောင်းထားတာကို တွေ့ရပါတယ် ။

လက်ရှိ အသင်းမှာ အနည်းငယ်သာ ကျန်တော့တဲ့ စီနီယာ ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းမီ အနာဂတ် လှုပ်ခတ်မှု ရှိနေဆဲ ဖြစ်ပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ခြေစမ်းပွဲမှာ တမိနစ်မှ ပါဝင် ကစားခွင့် မရခဲ့ပါဘူး ။

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ အနာဂတ် မရေရာနေတဲ့ ချေဝဲလ်ဟာ မာရက်စ်ကာ လက်အောက် ကစားရတော့မှာ မဟုတ်ဘူးလို့ သုံးသပ်ရင်း ၊ အသင်းပြောင်းဖို့ အတွက်သာ စောင့်မျှော်နေသင့်ကြောင်း Talksport နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

မာဖီ က ” သူ ကစားခွင့် ရတော့မှာ မဟုတ်ပါဘူး ။ ကူကူရယ်လာဟာ ယူရို ပြိုင်ပွဲမှာ စွမ်းဆောင် ပြသခဲ့တာတွေ ၊ ပြီးခဲ့တဲ့ ရာသီကုန်ခါနီး စွမ်းဆောင်ပြသခဲ့တာတွေ အပြီး ချဲလ်ဆီးရဲ့ ဘယ်နောက်ခံလူ နေရာမှာ အဓိက ကစားခွင့် ရပါလိမ့်မယ် ။ ”

” အခုအချိန်မှာ ချဲလ်ဆီး ပရိသတ်တွေကလည်း ကူကူရယ်လာကို ပွဲထွက် ကစားသမား အဖြစ် အလိုရှိကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ချေဝဲလ် အနေနဲ့ တခြား တသင်းသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်ရင်း ၊ အထုတ်ပြင်ရပါတော့မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာဖီက အမေရိကန် ပိုင်ရှင်တွေရဲ့ မကြာခဏ ကစားသမား အပြောင်းအလဲတွေ လုပ်နေခြင်း အပေါ် ဝေဖန်ရင်း ၊ မာရက်စ်ကာ လက်အောက်မှာ ခြင်္သေ့ပြာတို့ မနှစ်ကထက် တိုးတက်မှု ရှိမှာ မဟုတ်ကြောင်း ခန့်မှန်းသွားပါတယ် ။

မာဖီ က ” ဒါမျိုး ဘဝမှာ ကျွန်တော် ဘယ်တော့မှ မမြင်ဖူးခဲ့ပါဘူး ။ ဒါက လုံးဝ အဓိပ္ပာယ် မရှိပါဘူး ။ ကစားသမားသစ် ခေါ်ယူဖို့ တာဝန်ပေးခံထားရသူတွေဟာ သူတို့ကို ပြောသမျှ လုပ်ဖို့ အခိုင်းခံရတာပဲ ဖြစ်ရပါမယ် ။ ဒီလိုမှမဟုတ်ရင် သူတို့ဟာ ဘာလုပ်နေလဲ ဆိုတာ မသိကြပါဘူး ။ ၂ခုထဲက တခုပါပဲ ။ ”

” အခု သူတို့ ဈေးကွက်ထဲ လှုပ်ရှားနေတဲ့ အရာတွေက ဘဏ္ဍာရေး အရရော ၊ နည်းနားအရရော ဘယ်လိုလုပ် အဓိပ္ပာယ် ရှိမှာလဲ ? လာမယ့် ရာသီ ချဲလ်ဆီးရဲ့ ရပ်တည်မှု ? အဆင့် ၇ သို့မဟုတ် ၈ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar