Sports Myanmar

ချဲလ်ဆီး စတား တဦးရဲ့ အရည်အသွေးတွေဟာ သင်ပြပေးဖို့ မဖြစ်နိုင်ကြောင်း သုံးသပ်လာတဲ့ ဒီဖိုး

 

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ကပဲ ပြီးခဲ့တဲ့ ရာသီ ၎င်းတို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ၂နှစ် သက်တမ်းတိုး စာချုပ် ချုပ်နိုင်ခဲ့ပြီး ၊ ဒါဟာ ပါလ်မာနဲ့ ချဲလ်ဆီး အကြား ၉နှစ် စာချုပ် အထိ ဖြစ်လာစေပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး + ဖန်တီးမှု အများဆုံး ကစားသမားလည်းဖြစ် ၊ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ခဲ့တဲ့ ပါလ်မာဟာ အခုလို တိုးမြှင့် လစာနဲ့ စာချုပ်သစ် တရပ် ရရှိဖို့ ထိုက်တန်ခဲ့ပါတယ် ။

တော့တင်ဟမ် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုးကတော့ ပါလ်မာ ချဲလ်ဆီးမှာ စွမ်းဆောင်ပြထားတဲ့ အရာတွေဟာ နည်းပြတွေ အနေနဲ့ သင်ပြပေးဖို့ မဖြစ်နိုင်ကြောင်း ချီးကျူးရင်း ၊ စာချုပ်သစ်နဲ့ အတူ အနာဂတ်မှာ ဒီထက် ပိုကောင်းတဲ့ အရာတွေ ထပ်မံ စွမ်းဆောင်ပြဖို့ မျှော်လင့်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံရာမှာ ဒီဖိုး က ” သူ့ရဲ့ စိတ်ထိန်းချုပ်မှုကို ကျွန်တော် ကြိုက်ပါတယ် ။ သူဟာ အရမ်း တည်ငြိမ်ပြီး ၊ လုပ်စရာ ရှိတာ လုပ်ပါတယ် ။ နည်းစနစ် သဘောတရား အရ သူဟာ ဆုလာဘ် ပိုင်ဆိုင်ထားပါတယ် ။ သူ လုပ်ပြထားတဲ့ အရာများစွာဟာ ခင်ဗျား အနေနဲ့ သင်ပြပေးလို့ မရပါဘူး ။ ဒါက သဘာဝ အလျောက် သူ့အလိုလို ဖြစ်လာတာပါ ။ ”

” သူဟာ စပါယ်ရှယ် ကစားသမား တယောက်ပါ ။ ဒါကြောင့်လည်း သူ့ကို ချဲလ်ဆီးက နှစ်ရှည် စာချုပ် ချုပ်ထားတာ ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ။ ယူရို ၂၀၂၄ တုန်းက သူ့ဆီကနေ ဒီထက် ပိုပြီး မြင်တွေ့ရဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတာပါ ။ ”

” သူဟာ ဘာမှမရှိတဲ့ အနေအထားမှာ တခုခု ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမားတွေထဲက တဦးပါပဲ ။ သူဟာ နည်းပြတွေရဲ့ အိပ်မက်သဖွယ် ကစားသမားမျိုးပါ ။ သူဟာ ရှေ့ဆက် တိုးတက်လာနိုင်ပါသေးတယ် ။ ငယ်လည်း ငယ်ပါသေးတယ် ။ သူဟာ ဒီထက် ပိုကောင်းလာဖို့ပဲ ရှိပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီ သူ ရခဲ့တဲ့ ဂိုးနဲ့ ဖန်တီးမှု အရေအတွက်တွေကို ခင်ဗျားတို့ ကြည့်လိုက်ရင် ၊ ဒါက အံ့သြဖွယ်ပါပဲ ။ လာမယ့် ရာသီမှာ သူ ဒါမျိုး ထပ်လုပ်ပြနိုင်ရင် ၊ ဒီထက် ပိုကောင်းအောင် လုပ်ပြနိုင်ရင် ၊ ဒါက ချဲလ်ဆီး အတွက် အများကြီး အကျိုးရှိလာပါလိမ့်မယ် ။ ”

” တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာတောင် သူ လုပ်ပြထားတဲ့ အရာတွေက အံ့သြဖွယ်ပါ ။ သူ ကစားတာကို မြင်တွေ့ရဖို့ ကျွန်တော် အမှန်တကယ် စောင့်မျှော်နေပါတယ် ။ သူဟာ ခင်ဗျားတို့ ငွေပေးပြီး ကြည့်ရတဲ့ ကစားသမားမျိုး ဖြစ်ပါတယ် ။ ”

” သူဟာ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ၊ သူ့ကို ဘောလုံး ပေးလိုက်တာနဲ့ တခုမဟုတ် တခု လုပ်ပြတတ်ပါတယ် ။ သူဟာ ရဲရင့်ပြီး ၊ ဘောလုံးကို အမြဲ အလိုရှိသလို ၊ တာဝန်ယူတတ်ပါတယ် ။ သူ့မှာ ကိုယ်ပိုင်ဟန် တခု ရှိပြီး ၊ ဒီရာသီမှာ သူ့ခြေစွမ်းကို ကျွန်တော် စောင့်ကြည့်သွားဦးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar