
ဘာစီလိုနာကစားသမားဟောင်း ပီတစ်က ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အသင်းဟောင်း ဘာစီလိုနာအနေဖြင့် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို စိန်ခေါ်ယှဉ်ပြိုင်နိုင်ဦးမည်မဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေတွင် နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူအားဖြည့်ထားပြီး အသင်း၏လူစာရင်းမှာ အတောင့်တင်းဆုံးအနေအထားတွင် ရှိနေသည်။
ဘာစီလိုနာအသင်းအနေဖြင့် အော်လ်မိုကို ခေါ်ယူထားသော်လည်း အသင်းတွင် သက်ကြီးကစားသမားများနေပြီး ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် လိုချင်သည့်ကစားသမားများကိုလည်း ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ပီတစ်က ''ဘာစီလိုနာအနေနဲ့ အင်အားဖြည့်ရမယ့်နေရာတွေက အများကြီးပါ။ ဒါပေမဲ့ ဘဏ္ဍာရေးကြောင့် ကစားသမားသစ်တွေ သူတို့ မခေါ်နို်င်ပါဘူး။ မိုနာကိုနဲ့ကစားခဲ့တဲ့ပွဲမှာ ဘာစီလိုနာရဲ့ခံစစ်က အားနည်းလွန်းပါတယ်။ ဒီပုံစံနဲ့ လာလီဂါပြိုင်ပွဲမှာ ရီးယဲလ်ကိုယှဉ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာစီလိုနာကစားသမားတွေကလည်း သူတို့အနေနဲ့ ဒီရာသီမှာ ရီးယဲလ်ကိုယှဉ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိကြမှာပါ။ ပြီးတော့ ဘာစီလိုနာမှာ သက်ကြီးကစားသမားတွေ များနေတာကလည်း ပြဿနာပါပဲ''ဟု ပြောကြားခဲ့သည်။