Sports Myanmar

ချဲလ်ဆီး ကွင်းလယ်လူ အနေနဲ့ လီဗာပူးသို့ ပြောင်းရွှေ့ခဲ့သင့်ကြောင်း ထုတ်ပြောလာတဲ့ ဝေါလ်ကော့

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ကလပ်သမိုင်းတလျှောက် စံချိန်တင် ငွေသုံးစွဲခဲ့ပြီး ၊ ကစားသမားသစ် များစွာ ခေါ်ယူခဲ့ရာ ၊ ထိုအထဲမှာ ဒဏ်ရာကြောင့် တရာသီလုံးမှ တပွဲသာ ကစားလိုက်ရတဲ့ ကွင်းလယ်လူ ရိုမီယို လာဗီယာလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

အသက် ၂၀နှစ် အရွယ်သာ ရှိသေးတဲ့ လာဗီယာဟာ ချဲလ်ဆီးမှ ချဉ်းကပ်မှုကို မရခင် ၊ ကနဦးမှာ လီဗာပူးနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ တောက်လျှောက် လုပ်ခဲ့ပေမယ့် ၊ အဆုံးမှာ ယင်းလန်ဒန်မြို့ခံ ကလပ်က ဆောက်သမ်တန်ဖက်မှ တောင်းဆိုတဲ့ ပေါင် ၅၈သန်း ပေးချေကာ ၊ လာဗီယာကို ခေါ်ယူသွားခဲ့ပါတယ် ။

ဒီရာသီမှာတော့ လာဗီယာဟာ ချဲလ်ဆီး အတွက် ဒေါင်ဒေါင်မြည် ကြံံ့ခိုင်မှု ပြည့်တဲ့ ကွင်းလယ်လူ တဦး ဖြစ်လာဖို့ မျှော်လင့်ရပြီး ၊ ရာသီကြို ကာလ အတွင်းမှာတော့ နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ကစားခွင့်တွေ ရထားတာကို တွေ့ရပါတယ် ။

ဆောက်သမ်တန်မှာ ယင်းဘယ်လ်ဂျီယမ်ကြယ်ပွင့်နဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံကစားသမားဟောင်း သီယို ဝေါလ်ကော့က လာဗီယာ အနေနဲ့ အမေရိကန် ပိုင်ရှင်တွေ လက်ထက် ကစားသမားသစ်တွေ မရပ်မနား ခေါ်နေတဲ့ ချဲလ်ဆီးထက်စာရင် ကစားခွင့် ပိုရမယ့် လီဗာပူးကိုသာ ပြောင်းရွှေ့ခဲ့သင့်ကြောင်း ဖွင့်ဟလာပါတယ် ။

BBC Radio 5 Live နဲ့ တွေ့ဆုံခဲ့ရာမှာ ဝေါလ်ကော့ က ” သူဟာ အရမ်း အရည်အသွေး မြင့်တဲ့ ဘောလုံးသမား တယောက်ပါ ။ သူဟာ ထရိန်နင်တွေမှာ အသည်းပေါက်မတတ် လေ့ကျင့်တတ်ပြီး ၊ လေ့ကျင့်တာ အရမ်း များလွန်းပါတယ် ။ မနှစ်ကဆို သူဟာ ပြင်းထန်တဲ့ ဒဏ်ရာ တခု ရခဲ့ပြီး ၊ တနှစ်လုံး လွဲခဲ့ပါတယ် ။ ”

” ပြီးခဲ့တဲ့ နွေရာသီတုန်းက သူဟာ ချဲလ်ဆီး ၊ လီဗာပူးတို့နဲ့ သတင်းတွေ ထွက်ခဲ့တော့ ဒါက သူ့လို ကစားသမား တယောက် အတွက် ပြီးပြည့်စုံမှု ရှိတယ်လို့ ထင်ခဲ့ပါတယ် ။ လက်ရှိမှာ လီဗာပူးက သူ့အတွက် ပြီးပြည့်စုံတဲ့ ကလပ် ဖြစ်ပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာမှ လီဗာပူးဟာ သူတို့ရဲ့ ကွင်းလယ်ကို ပြန်လည် တည်ဆောက်နေတာကြောင့်ပါ ။ ”

” ဟုတ်ပါတယ် ။ ကစားသမားတွေဖက်က ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ် ။ ဒါပေမယ့် ကစားသမား ဘဝ လမ်းကြောင်း အနေနဲ့ သူ့ရွေးချယ်မှုက အနည်းငယ် ထိုင်းမှိုင်းသွားပါတယ် ။ အခုဆို မန်နေဂျာသစ် တယောက် ရောက်လာပြီး ၊ ဒယူးစ်ဘူရီဟောကို ခေါ်ထားပါတယ် ။ ဒါ့အပြင် သူနဲ့ ကစားပုံချင်း တူတဲ့ ကစားသမား တချို့လည်း ရှိနေပါသေးတယ် ။ ”

” သူတို့ ခေါ်ထားတဲ့ ကစားသမား အရေအတွက် အရ ကစားသမားကောင်းတွေ အတွက် အခွင့်အရေး ရမှာ မဟုတ်ပါဘူး ။ ချဲလ်ဆီးမှာ သူတို့ကို မြင်တောင် မြင်လိုက်ရမှာ မဟုတ်ပါဘူး ။ သူတို့ဟာ ( ဒီလူငယ်ကြယ်ပွင့်တွေကို ) တန်းနိမ့်တဲ့ ကလပ်တွေဆီ အငှားပို့တာနဲ့ပဲ ၊ အဆုံးမှာ စီနီယာ အသင်းအတွက် ကစားခွင့်တောင် ရမှာ မဟုတ်ပါဘူး ။ ”

” ရိုမီယို လာဗီယာဟာလည်း အဲလို ချဲလ်ဆီး ကစားသမားမျိုးတွေထဲက တယောက် ဖြစ်လာမှာကိုပဲ ကျွန်တော် စိုးရိမ်မိပါတယ် ။ ရောက်လာပြီး ၊ ခင်ဗျား ဘာမှတောင် မသိလိုက်ရတဲ့ ကစားသမားမျိုးပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar