
ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ၄နှစ်ဆက် ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီး အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားဖို့ ရှိပါတယ် ။ ပွဲကြပ် ဆိုပေမယ့် ၊ ရာသီသစ် အိမ်ကွင်း အဖွင့်ပွဲ ဖြစ်တာကြောင့် နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့ ရလဒ်ကောင်း တခု ရှာဖွေဖို့ မျှော်လင့်နေမှာ သေချာပါတယ် ။
တဖက်မှာ အပြောင်းအရွှေ့ ဈေးကွက်က ဖွင့်ထားဆဲ ဖြစ်ပြီး ၊ လက်ရှိ ချဲလ်ဆီး အသင်း အတွင်း ရှင်းစရာ ကစားသမား အမြောက်အမြား ကျန်နေသေးတာကြောင့် မာရက်စ်ကာ အနေနဲ့ ကစားသမားစာရင်း စီမံခန့်ခွဲရာမှာ အခက်အခဲ အနည်းနဲ့ အများ ရှိနေပါတယ် ။

ချဲလ်ဆီးရဲ့ လက်ကျန် စီနီယာ ကစားသမား အနည်းငယ်ထဲက တဦး ဖြစ်တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ မာရက်စ်ကာရဲ့ အပယ်ခံစာရင်းထဲမှာ ပါဝင်နေပြီး ၊ သူ့အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက် လက်ကျန် နေ့ရက်တွေမှာ အသင်းပြောင်းဖို့ သေချာပေါက် စဉ်းစားရမယ့်ပုံ ပေါ်နေပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက ဘန်ချေဝဲလ် အနေနဲ့ အနာဂတ် မသေချာတော့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်နေမယ့်အစား ၊ ကစားခွင့် ပုံမှန် ကမ်းလှမ်းနိုင်မယ့် အသင်းသစ် တသင်းသို့ ပြောင်းရွှေ့တာက ပိုကောင်းမယ့် အကြောင်း ပွင့်ပွင့်လင်းလင်းပဲ မက်ဆေ့ချ် ပေးသွားပါတယ် ။
မာရက်စ်ကာ က ” ချီလီဟာ ကျွန်တော်တို့နဲ့ အတူ ရှိနေပါတယ် ။ ဒါပေမယ့် သူဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကြာတဲ့အထိ မလေ့ကျင့်ထားပါဘူး ။ ဘာလို့လဲဆိုတော့ သူ နေမကောင်း ဖြစ်နေခဲ့လို့ပါ ။ အင်တာနဲ့ နောက်ဆုံး ခြေစမ်းပွဲမှာ သူ ကစားခွင့် မရခဲ့တဲ့ အကြောင်းအရင်းက ရှင်းပါတယ် ။ ”

” ကျွန်တော် သူ့ကို ဒီပုံစံအတိုင်း သဘောကျတာ မှန်ပေမယ့် ၊ ပြဿနာက သူဟာ နေရာမှန် တခု ရှာဖွေနိုင်ဖို့ အနည်းငယ် ရုန်းကန်နေရတာပါ ။ ဒီမနက်ကပဲ ကျွန်တော်တို့မှာ ကစားသမား ၂၂ယောက် လေ့ကျင့်ခဲ့ပါတယ် ။ ခင်ဗျား သူတို့ အားလုံးကို မေးလိုက်ရင် ၊ သူတို့ဟာ တနင်္ဂနွေနေ့ စီးတီးနဲ့ ပွဲကို ကစားချင်ကြတယ်လို့ ပြောကြမှာပါ ။ ”
” ဒါပေမယ့် ဒါက မဖြစ်နိုင်ပါဘူး ။ ခင်ဗျား နေ့စဉ် လေ့ကျင့်ပြီး ၊ တကယ့်ပွဲတွေမှာ ကစားခွင့် မိနစ်တွေ မရတဲ့အခါ ၊ ဒါက သူတို့ အတွက်ရော ၊ ကျွန်တော့ အတွက်ပါ မကောင်းပါဘူး ။ အဲဒီအခါ ကျွန်တော်ဟာ ဆုံးဖြတ်ချက် တခုခု ချဖို့ လိုလာပါတယ် ။ ”
” အသင်းကနေ ထွက်ပြီး ၊ ကစားခွင့် မိနစ်တွေ ရှာဖွေတာက ပိုကောင်းပါတယ် ။ အပြောင်းအရွှေ့ ဈေးကွက်က ဖွင့်ထားဆဲပါ ။ ဒီတော့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာရက်စ်ကာ က ကြီးမားတဲ့ ကစားသမား စာရင်းကို စီမံခန့်ခွဲ နေရတဲ့ အပေါ် ” အမေရိကမှာ ကျွန်တော်တို့မှာ ကစားသမား ၂၈ ၊ ၂၉ယောက်နဲ့ အတူ ရက်၂ကြာ ဖြတ်သန်းခဲ့ရပါတယ် ။ ဒီတော့ ဒါက စီမံခန့်ခွဲဖို့ လုံလုံလောက်လောက် ကောင်းတဲ့ ပမာဏ ဖြစ်ပါတယ် ။ အခုတော့ ကျွန်တော်တို့မှာ ကစားသမား စာရင်းမှာ ပါတဲ့သူတွေရော ၊ မပါတဲ့သူတွေပါ ရှိနေပါပြီ ။ ”
” လောလောဆယ်တော့ ဒါက မခက်ခဲပါဘူး ။ ဒါပေမယ့် ကျွန်တော့မှာ ကစားသမား ၄၃ယောက် ရှိနေတယ်လို့ စပြီး တွေးလိုက်ရင် ၊ ဒါက မကောင်းပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR