
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝုလ်ဗ် အသင်းကနေ ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမား ပတ်ဒရို နက်တိုကို ယူရိုသန်း ၆၀ ၊ ၇နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒါဟာ ဘယ်တောင်ပံမှာ လုံးဝ အားထားမရတဲ့ ရာဟင်း စတာလင် ၊ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို တနည်းအားဖြင့် တပ်လှန့်လိုက်တာလည်း ဖြစ်ပါတယ် ။
နက်တိုဟာ ဝုလ်ဗ်မှာတုန်းက များသောအားဖြင့် ညာတောင်ပံမှာ ကစားလေ့ရှိပေမယ့် ၊ ဘယ်တောင်ပံနဲ့လည်း မစိမ်းသလို ၊ မနှစ်က အလယ်အလတ် ကလပ်တွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး တိုက်စစ် ကစားသမား တဦး ဖြစ်သလို ၊ ချဲလ်ဆီးကိုလည်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

တဖက်မှာ အသက် ၂၄နှစ် အရွယ်ရှိ နက်တိုဟာ ယခင်နှစ်တွေမှာ အခြား လန်ဒန်မြို့ခံ ကလပ် တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ တောင်ပံတိုက်စစ် ပစ်မှတ် တခု ဖြစ်ခဲ့ဖူးပြီး ၊ ၎င်းကို ဘူကာယို ဆာကာ ၊ ဂါဘရီရယ် မာတင်နယ်လီတို့ရဲ့ အရန် အဖြစ် ထားရှိဖို့ ဂန်းနားတို့ ချိန်ရွယ်ခဲ့ဖူးပါတယ် ။
ဝုလ်ဗ်မှာ ၅နှစ်ကြာ ကစားပြီးနောက် ၊ နက်တိုဟာ သူ့ရဲ့ ကစားသမား ဘဝ အချိုးအကွေ့ တခု အရောက် အသင်းကြီး တသင်းသို့ ပြောင်းရွှေ့ အခြေချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး ၊ ယနေ့ည မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲကြပ် အဖွင့်ပွဲမှာ ခြင်္သေ့ပြာတို့ အတွက် ပထမဆုံး အကြိမ် ပါဝင် ကစားပေးသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က တောင်ပံတိုက်စစ် အတွက် ဝန်ကူထမ်းဖို့ လိုနေတဲ့ အာဆင်နယ်ထက် ချဲလ်ဆီးက နက်တိုကို လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့လို့ အံ့အားသင့်နေကာ ၊ ၎င်းသာ ကွင်းထဲမှာ ရှိနေရင် ၊ ခြင်္သေ့ပြာတို့ အတွက် လှည့်ဖြားမှု ပေးစွမ်းနိုင်တဲ့ ကစားသမားလို့ ယုံကြည်ထားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံံရာမှာ မာဆင် က ” ချဲလ်ဆီးသာ သူ့ကို ကြံ့ခိုင်မှု ပြည့်အောင် ထားနိုင်ရင် ၊ ဒါက အံ့သြဖွယ် ခေါ်ယူမှု တရပ် ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ခင်ဗျားဟာ ကစားဟန် အတိအကျ တခုကို သုံးတော့မယ်ဆိုရင် ၊ ဥပမာ – မန်စီးတီး ၊ အာဆင်နယ်တို့ ကစားသလို တောင်ပံ ကစားသမား ၂ယောက်ဆီ အဓိက ဘောလုံး ဖြန့်ပေးရတဲ့ နေရာမျိုးမှာဆို ချဲလ်ဆီးတို့ ဒါမျိုး လိုပါတယ် ။ ”
” ခင်ဗျားသာ နက်တိုကို ကွင်းတွင်းမှာ ထည့်သုံးနိုင်ပြီဆိုရင် သူဟာ ထိပ်တန်း စွမ်းဆောင်ရည် ပြနိုင်ပါတယ် ။ အာဆင်နယ်မှာ သူ့လို လှည့်ဖြားနိုင်တဲ့ ကစားသမားမျိုး ပျောက်ဆုံးနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” သူသာ အာဆင်နယ်ကို ပြောင်းခဲ့ရင် ၊ ဆာကာ ၊ မာတင်နယ်လီတို့ရဲ့ တာဝန်တွေကို ခွဲဝေယူပေးနိုင်မှာပါ ။ ချဲလ်ဆီးဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ခြေအရမ်းသွက်လွန်းပါတယ် ။ တိုးတိုးတိတ်တိတ်နဲ့ ခပ်မြန်မြန်ပဲ ကစားသမားသစ်တွေကို ခေါ်ယူတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ နက်တိုဟာ chaos သယ်ဆောင်လာနိုင်တဲ့ ကစားသမား ဖြစ်သည့်တိုင် ၊ ဒဏ်ရာ ခဏခဏ ရနေခြင်းကြောင့် ချဲလ်ဆီး အတွက် အသုံးတည့်မယ့် ခေါ်ယူမှု ဖြစ်လာဖို့ မမြင်မိကြောင်း အခုလိုပဲ သုံးသပ်လာပါတယ် ။

The Overlap အစီအစဉ်မှာ ရွိုင်ကိန်း က ” သူဟာ အမြဲ ဒဏ်ရာ ရနေတာပါ ။ သူဟာ လုခ်ရှောလိုပါပဲ ။ ပြိုင်ဖက်ခံစစ်ကို ဖရိုဖရဲ ဖြစ်စေနိုင်တဲ့ အရည်အသွေးမျိုး သူ ပေါင်းထည့်ပေးပါလိမ့်မယ် ။ ပြီးရင်တော့ သူဟာ နေရာစုံ ပြေးလွှား ကစားပြီး ၊ ၆လလောက် တံကောက်ကြော ဒဏ်ရာ အတွက် ကုသမှု ခံယူရင်း အချိန်ကုန်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR