
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ အဖွင့်မလှဘူး ဆိုပေမယ့် ၊ ကစားပုံ အရ ကောင်းကွက် တချို့ ရှိခဲ့ပြီး ၊ နည်းပြသစ် အန်ဇို မာရက်စ်ကာ အနေနဲ့ လာမယ့် ပွဲတွေမှာ နိုင်ပွဲတွေ စတင် ရယူဖို့ လိုနေပါတယ် ။
ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် ဒဏ်ရာက ပြန်မကောင်းလာသေးလို့ ၊ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ချဲလ်ဆီး ကစားသမား ဘဝ ပထမဆုံး အကြိမ် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့် ရခဲ့ပါတယ် ။

အန်ဇိုဟာ ပွဲအတွင်း ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု တချို့ လုပ်ပြနိုင်ခဲ့ပေမယ့် ၊ အသင်းခေါင်းဆောင် တယောက် အနေနဲ့ ကြိုးစား အားထုတ်မှုတွေ ၊ ဦးဆောင် ညွှန်ကြားမှုတွေ မလုပ်ပြနိုင်ခဲ့သလို ၊ ပေးခဲ့ရတဲ့ ဒုတိယဂိုးမှာလည်း မန်စီးတီး ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး ။
အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ကိုပါအမေရိက ကိစ္စ ရှိခဲ့ဖူးတဲ့ကြားက အန်ဇိုကို အသင်းခေါင်းဆောင် တာဝန်ပေးလိုက်တဲ့ ချဲလ်ဆီး အပေါ် ဝေဖန်ရင်း ၊ ၎င်းဟာ ခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး အခုအချိန်အထိ မပြသထားသေးဘူးလို့လည်း ထောက်ပြသွားပါတယ် ။
Wright’s House Podcast မှာ ရိုက် က ” ချဲလ်ဆီးရာ ။ Oh my god! ခင်ဗျားတို့ ကိုယ့်ကိုယ်ကို ပြန်ပြင်ကြပါ ။ သူတို့ ဘာတွေ လုပ်နေတာလဲ ? ဒီလူက အသင်းခေါင်းဆောင်နဲ့ ထိုက်တန်တယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ဒါက ရှက်စရာကောင်းပါတယ် ။ ”
” ကျွန်တော် ဒီအကြောင်း ခဏလောက် ပြောလို့ရမလား ? သူ ချဲလ်ဆီးကို ရောက်လာကတည်းက ပြသထားတဲ့ စွမ်းဆောင်ရည်ပေါ့ ။ ဟုတ်ပါတယ် ။ ကမ္ဘာ့ဖလားမှာ သူ လုပ်ပြခဲ့တာတွေက ပြောင်မြောက်တယ်လို့ ခင်ဗျားတို့ ပြောရပါမယ် ။ ”
” ချဲလ်ဆီး အတွက်တော့ သူဟာ တကြိမ်တခါမှ အားမာန် အပြည့်နဲ့ ကစားတာ ကျွန်တော် မတွေ့ခဲ့ရလို့ ၊ ဒီလူက တနေ့မှာ ချဲလ်ဆီး အသင်းခေါင်းဆောင် တယောက် ဖြစ်လာမယ်လို့ ကျွန်တော် မထင်ခဲ့တာပါ ။ သူဟာ အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနေပါဘူး ။ ”

” ကိုပါအမေရိကတုန်းက လူမျိုးရေးခွဲခြားမှု အရှုပ်တော်ပုံ ကိစ္စ မတိုင်ခင်ကတည်းက ဒီလူဟာ ဒီကလပ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်ဖို့ လုံလောက်မှု ရှိတဲ့ လုပ်ဆောင်ချက်တွေ တခုမှ မပြသထားခဲ့ပါဘူး ။ ဒါတောင် သူတို့က သူ့ကို အသင်းခေါင်းဆောက် ရာထူး ပေးလိုက်တာလား ? ”
” ဒါက ခင်ဗျား ချဲလ်ဆီးနဲ့ ပတ်သက်ပြီး သိဖို့ လိုတဲ့ အရာတိုင်းကို ကျွန်တော့ကို ပြောပြနေတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR