
ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အက်သလက်တီကို အသင်းကနေ ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် နောက်ချန်တိုက်စစ်မှူး ဂျိုဝေါင် ဖဲလစ်ကို ယူရိုသန်း ၅၀ဝန်းကျင် ၊ ၆နှစ် + အပိုတနှစ် သက်တမ်းတိုးခွင့်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။
ဖဲလစ်ဟာ ၂၀၂၃ ဆောင်းရာသီ ဈေးကွက် အတွင်း ချဲလ်ဆီးသို့ ၆လ အငှားနဲ့ တခါ လာရောက် ကစားခဲ့ဖူးပြီး ၊ ထိုစဉ်က ၎င်းကို နည်းပြဟောင်း ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက အပြီးသတ် ခေါ်ဖို့ မဆုံးဖြတ်ခဲ့တာကြောင့် ၊ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာသို့ အငှားထပ်ထွက်ခဲ့ရပါတယ် ။

အခုအခါ ချဲလ်ဆီး နည်းပြ အပြောင်းအလဲ တကြိမ် ထပ်ဖြစ်လာသလို ၊ ဘယ်ခြမ်းတိုက်စစ် အတွက် လိုအပ်ချက်တွေ ရှိနေတာကြောင့် ၊ ဖဲလစ်ကို ခေါ်ယူဖို့ ခြင်္သေ့ပြာတို့ အတွက် အကြောင်းဖန်လာစေပါတယ် ။
ဒါ့အပြင် အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါကိုလည်း အက်သလက်တီကိုဖက်က ခေါ်ဖို့ မျက်စိကျခဲ့သလို ၊ ချဲလ်ဆီးဖက်ကလည်း ၎င်းကို ရောင်းချလိုတာကြောင့် ၊ တချက်ခုတ် ၃ ၊ ၄ချက်လောက် ပြတ်စေမယ့် အလဲအထပ် သဘောမျိုး ရောက်ရှိစေပါတယ် ။
ချဲလ်ဆီး အမာခံ ပရိသတ် ဖြစ်တဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ဖဲလစ် ချဲလ်ဆီးသို့ ဒုတိယ အကြိမ် အဖြစ်နဲ့ အပြီးသတ် ရောက်ရှိလာခြင်းကို ဝမ်းမြောက်နေပြီး ၊ ၎င်း ပါဝင်မယ့် ချဲလ်ဆီး တိုက်စစ် အခင်းအကျင်းကိုလည်း အခုလိုပဲ ခန့်မှန်းသွားပါတယ် ။
ကိုယ်ပိုင် တွစ်တာအကောင့်မှ မာဆင် က ” ရှေ့တခါ အငှားနဲ့ ကျွန်တော်တို့ဆီ ရောက်လာတုန်းက ကစားခဲ့သလိုမျိုး သူ ကစားပြနိုင်ဖို့ မျှော်လင့်ပါတယ် ။ ဒါက ကြီးကျယ်တဲ့ ခေါ်ယူမှု တခု ဖြစ်ပါလိမ့်မယ် ။ ”
” ဂျက်ဆင်ရဲ့ အနောက်က ဖဲလစ်ကို သုံးခြင်းက ဂျက်ဆင် အတွက် အခွင့်အရေး များစွာ ရစေမှာ ဖြစ်ပြီး ၊ ဒါကို ကျွန်တော်တို့ လိုအပ်ပါတယ် ။ ပါလ်မာနဲ့ အန်ကွန်ကူက ဘယ်ညာ တောင်ပံ ၂ခြမ်းမှာပေါ့ ။ ” လို့ ရေးသားခဲ့ပါတယ် ။
ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာကလည်း ဖဲလစ် အဖြစ် ၊ အခြား ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် တဦး ဖြစ်တဲ့ ပတ်ဒရို နက်တိုတို့ ရှေ့ဆင့်နောက်ဆင့် ၎င်းတို့ဆီ ပြောင်းရွှေ့လာတာက ဘာတွေ အထောက်အကူ ပေးမလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာ က ” ဂျိုဝေါင်နဲ့ ပတ်သက်ပြီး ကောင်းတဲ့ အရာက သူဟာ မတူညီတဲ့ နေရာတွေမှာ ကစားပေးနိုင်ခြင်းပါပဲ ။ သူဟာ တိုက်စစ်အတွင်းမှာ ကစားပေးနိုင်သလို ၊ နံပါတ် ၉ အဖြစ်နဲ့လည်း ကစားပေးနိုင်ပြီး ၊ တောင်ပံတိုက်စစ်တွေမှာလည်း ကစားပေးနိုင်ပါတယ် ။ ”
” ပတ်ဒရိုက ညာတောင်ပံရော ၊ ဘယ်တောင်ပံပါ ကစားပေးနိုင်ပါတယ် ။ ဂျိုဝေါင်က ကွင်းလယ်တိုက်စစ် ၊ နံပါတ် ၉ နဲ့ တောင်ပံတွေမှာ ကစားပေးနိုင်ပါတယ် ။ နောက်ပြီး ကျွန်တော်တို့ ကစားရမယ့် ပွဲတွေက အများကြီးပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR