Sports Myanmar

ဆာဗက်နဲ့ ကွန်းဖရန့်လိဂ် play-off ပထမအကျော့ အပြီး ကိုးလ်ပါလ်မာရဲ့ ဒဏ်ရာ အကြောင်း အသိပေးလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်ကမှာ ကွန်းဖရန့်လိဂ် play-off ပထမအကျော့ အဖြစ် ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံ ကစားခဲ့ရာ ၊ ဒုတိယပိုင်းမှ နောက်ချန် တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူရဲ့ ပင်နယ်တီဂိုး ၊ လူစားဝင် တောင်ပံကစားသမား နွန်နီ မက်ဒူးကီရဲ့ သွင်းဂိုးနဲ့ အတူ ၂ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပွဲထွက်ခဲ့တဲ့ ကစားသမား အများစုကို အနားပေးခဲ့ပြီး ၊ ထိုအထဲမှာ ကိုးလ်ပါလ်မာလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာမှ ပါလ်မာဟာ တိုက်စစ်မှူး မာ့ခ်ဂီယူး အစား လူစားဝင် ကစားခွင့် ရခဲ့ပါတယ် ။

သို့ပေမယ့် ယင်းအင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ဟာ ပွဲချိန် အတွင်း အနည်းငယ် ထိခိုက်ခဲ့ဟန် ပေါ်ခဲ့ပြီး ၊ ဒါနဲ့ ပတ်သက်ကာ မာရက်စ်ကာ က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ အသိပေးခဲ့ပါတယ် ။

မာရက်စ်ကာ က ” ကိုးလ်ဟာ တခုခု ထိခိုက်မိတယ်လို့ ခံစားခဲ့ပေမယ့် ၊ သူ့ကို ကြည့်ရတာ အဆင်ပြေပုံပါပဲ ။ သူတို့ ( ဆေးအဖွဲ့ ) သူ့ကို စစ်ဆေးပြီးပါပြီ ။ သူ အိုကေပါတယ် ။ ပြဿနာ ထွေထွေထူးထူး မရှိဖို့ မျှော်လင့်ပြီး ၊ လာမယ့် တနင်္ဂနွေနေ့ ပွဲမှာ သူ ပြန်ပါလာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပါလ်မာဟာ ဒုတိယပိုင်း မိနစ် အများစုမှာ အထောင်တိုက်စစ်မှူး နေရာကို False 9 ပုံစံ အဖြစ်နဲ့ ကစားပေးခဲ့ပေမယ့် ၊ ၎င်း အားသန်တဲ့ နေရာ မဟုတ်တာကြောင့် ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ဘာကြောင့် ပါလ်မာကို False 9 အဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး မာရက်စ်ကာက အခုလိုပဲ ရှင်းပြခဲ့ပါတယ် ။

မာရက်စ်ကာ က ” ဒီပွဲရဲ့ ပထမပိုင်းက မာ့ခ်ဂီယူး အတွက်ပါ ။ ဘာလို့လဲဆိုတော့ သူ့အတွက် အတွင်းအထိ ဆင်းပြီး ကစားဖို့ နေရာလွတ်တွေ အများကြီး ရှိခဲ့သလို ၊ ဒါက ကျွန်တော်တို့ကို အပိုဆောင်း လူတယောက် ပေးသလို ဖြစ်လို့ပါ ။ သူဟာ ဒီနေ့ပွဲမှာ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒါကြောင့် ဒုတိယပိုင်းမှာ ကိုးလ်နဲ့ သူ့ကို လူစားလဲစေခဲ့ပြီး ၊ သူ့ကို False 9 မှာ သုံးဖို့ ရည်ရွယ်ခဲ့တာလည်း ပါသလို ၊ ကွင်းလယ်လူ တဦး အနေနဲ့ပါ ပြုမူစေချင်ခဲ့တာပါ ။ ကိုးလ်ဟာ ဒီအခန်းကဏ္ဍမှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ် ။ ”

” သူဟာ အတိတ်မှာ ဒါမျိုး ကြိမ်ဖန်များစွာ လုပ်ပြခဲ့ပြီးသားပါ ။ ဒီတော့ ဒီအချက်ကြောင့် ကျွန်တော်တို့ သူ့ကို False 9 အဖြစ်နဲ့ သုံးခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အဆုံးမှာ မာရက်စ်ကာက ခြေစွမ်း အားရဖွယ် မကောင်းပေမယ့် ၊ အသင်းသားတွေရဲ့ တိုးတက်မှုကိုတော့ ကျေနပ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

မာရက်စ်ကာ က ” အသင်းရဲ့ ဘောလုံး ခြေထဲ ရှိတဲ့အချိန်ရော ၊ မရှိတဲ့အချိန်က ခြေစွမ်းကို ကျွန်တော် တကယ် နှစ်သက်ခဲ့ပါတယ် ။ အထူးသဖြင့် ပွဲအစပိုင်းမှာပေါ့ ။ ကျွန်တော်တို့ အခွင့်အရေး တချို့ ဖန်တီးနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာလည်း ဒီပုံစံအတိုင်း ကျွန်တော်တို့ ပြန်လည် စတင်နိုင်ခဲ့ပါတယ် ။ ”

” ဘောလုံး ခြေထဲ မရှိချိန် မာမာထန်ထန် တုန့်ပြန်နိုင်ခဲ့သလို ၊ တချို့သော အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ကစားတာ တကယ် ကောင်းခဲ့ပါတယ် ။ တည်ဆောက်နေဆဲ ကာလ ဖြစ်တာကြောင့် ကျွန်တော်တို့ ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့သင့်တဲ့ ၊ ရုန်းကန်ခဲ့ရတဲ့ အခိုက်အတန့်တွေတော့ ရှိပါတယ် ။ ဒါပေမယ့် ဒါတွေအားလုံးက ပုံမှန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar